ပင်လောင်း – စက်တင်ဘာ(၂၄)

အာဏာရှင်စနစ်အပြီတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ပအိုဝ်းပြည်သူတစ်ရပ်လုံး က တိုင်းရင်းသားပေါင်းစုံနဲ့ အတူပူးပေါင်းပါဝင်ဖို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ကတိုက်တွန်း လိုက်ပါတယ်။

စက်တင်ဘာလ(၂၄) ရက်နေ့မှာ ကျရောက်တဲ့ (၄၇) ပအိုဝ်းအမျိုးသားအာဇာနည်နေ့အထိမ်းအမှတ် တိုက်တွန်းချက်မှာထည့်သွင်းဖော်ပြခဲ့တာပါ။

“အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ စွန့်လွှတ်မှုတွေအနစ်နာခံမှုတွေ ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးကို ဆောင်ရွက်ခဲ့ကြတယ်။ ပအိုဝ်းတွေဟာ အမျိုးသားလွတ် မြောက်ရေးကို စဉ်းစားတဲ့အခါမှာ မိမိတို့ လူမျိုးတွေအတွက် ကွက်ကွက်လေးစဉ်းစားတာမဟုတ်ဘဲနဲ့ အပြန်အလှန်အားဖြင့် ပြည်ထောင်စုအရေးကိုပါစဉ်းစားတာဖြစ်တယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီဥက္ကဌ ခွန်မြင့်ထွန်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ပအိုဝ်းဒေသကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အမျိုးသားအကျိုးစီးပွာကွက် ကွက် လေးကိုကြည့်ပြီးလုပ်မယ်ဆိုရင် ပြည်ထောင်စုမှာ ရှိတဲ့ တခြားသော ညီနောင်တိုင်းရင်းသားတွေနဲ့ အမြင်လွဲမှားမှုတွေရှိလာနိုင်မှာ ဖြစ်ပြီး မတရားတဲ့ စစ်အုပ်စုကို တွန်းလိုက်တိုက်ထုတ်တဲ့အချိန်မှာ ပအိုဝ်း အမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေ(ခ) သထုံဦးလှဖေ တို့ ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေအတိုင်း လိုက် နာဆောင်ရွက်သွားမယ်လို့ သူက ပြောပါသေးတယ်။

ခရစ်နှစ် ၁၉၅၇ ခုနှစ် စက်တင်ဘာလ(၂၄) ရက်နေ့မှာ ကျဆုံးကွယ်လွန်ခဲ့တဲ့ ပအိုဝ်းအမျိုးသားခေါင်း ဆောင် ဖြားဗွာလှဖေ(ခ) သထုံဦးလှဖေနဲ့ အတူပအိုဝ်းအမျိုးသားလွတ်မြောက်မှု တော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဦးညွှတ်ဂုဏ်ပြုတဲ့အနေနဲ့ အောက်မေ့သတိရခြင်းများစွာနဲ့ ပအိုဝ်းအမျိုးသားအာဇာနည်နေ့ကို ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

ပအိုဝ်းခေါင်းဆောင်ကြီး ဖြားဗွာလှဖေ ဟာ ဗြိတိသျှခေတ်နဲ့ ဂျပန်ခေတ်တွေမှာ အစိုးရအဆင့်မြင့် ရာထူးတွေရယူခဲ့သူဖြစ်ပြီး KNU ဥက္ကဌ ကော်ကဆာ စောဘဦးကြီး ကျဆုံးပြီးနောက် KNU ဥက္ကဌ အဖြစ်ဦးဆောင်မှုပေးဖို့ တောင်းဆိုခံခဲ့ရသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စုဆောင်းထားတဲ့ ငွေ(၁၅) သိန်းနဲ့ တပ်ရင်း(၃) ရင်းစာ လက်နက်တွေ ဝယ်ယူတပ်ဆင်ပြီး ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနဲ့အတူ ပအိုဝ်းအမျိုးသားလွတ်မြောက် မှုတော်လှန်ရေးကို စတင်ထူထောင်ပြီး ပအိုဝ်းအမျိုးသားတွေအပါအဝင် တိုင်းရင်းသားလူမျိုး ပေါင်းစုံ တို့ရဲ့ အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးဟာ ဆင်းရဲနိမ့်ကျပြီး ကိုယ်ကျိုးရှာ စီးပွားရေး လုပ်ဖို့ မဟုတ်ဘဲ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့အတွက် တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့ သက်သေပြခဲ့သူတစ်ဦးအဖြစ်အမှတ်ရနေတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.