ကွာလာလမ်ပူ၊ စက်တင်ဘာ (၂၅)
မလေးရှားနိုင်ငံမှာ ကိုဗစ် 19 ကွာရန်တင်း ကန့်သတ်ချက်တွေကို အနည်းဆုံး ယခုနှစ်ကုန်ပိုင်းအထိ ပြင်ဆင်ပြောင်း လဲမှာမဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီး ခိုင်ရီဂျမာလူဒင် က ပြောပါတယ်။
လက်ရှိစည်းမျဉ်းတွေအရ ကိုဗစ်ကူးစက်ခံနေရတဲ့ လူတွေ အနေနဲ့ နေအိမ်မှာပဲ ၇ ရက်တိတိ ကွာရန်တင်းနေထိုင်ဖို့ လိုအပ် တာဖြစ်ပြီး လေးရက်မြောက်နေ့မှာ ဓာတ်ခွဲ အဖြေပြန်လည်ကောင်းမွန်တဲ့ လူတွေကိုတော့ ကွာရန်တင်းကနေ ကင်းလွတ် ခွင့် ပေးနေတာ ဖြစ်ပါတယ်။
“လူတစ်ဦးဟာ ကိုဗစ်ဖြစ်နေတယ်လို့ ဓါတ်ခွဲ အဖြေထွက်ရင် နေအိမ်မှာ ၇ ရက်ခန့် နေထိုင်ရပါမယ်။ လေးရက်မြောက်နေ့မှာ ဓါတ်ခွဲအဖြေကောင်း ရင်တော့ ပြန်ထွက်လို့ရတာမျိုးပါ။ အခုတော့ ဒီသတ်မှတ်ချက်တွေကို ပုဒ်မ ၃၄၂ အရ ဆက်ပြီး နှစ်ကုန် အထိ သတ်မှတ်ထားဦးမှာပါ” လို့ မစ္စတာ ခိုင်ရီက ပြောခဲ့တာပါ။
လုပ်သားတွေအနေနဲ့ ကိုဗစ်ကူးစက်ခံရတယ်ဆိုပြီး မရိုးမသားလုပ်ကာ အလုပ်သို့ မသွားရောက်တဲ့ပြဿနာတွေကို မေးမြန်း တဲ့ အခါမှာတော့ ဝန်ကြီးက ဒါကမလေးရှားမှာ ကြီးမားတဲ့ ပြဿနာမဟုတ်ပါဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ကပ်ဘေးကာလ အဆုံးသတ်ပြီးဖြစ်ကြောင်းကြေငြာပြီးတဲ့အခါမှာ ကျွန်တော်တို့က ဒီရောဂါအတွက် ကိုယ့်တာဝန်ယူမှုနဲ့ ကိုယ်၊ စည်းလုံးညီညွတ်မှုရှိစွာ ကာကွယ်ဖို့ ဆောင်ရွက်ရမယ်” လို့ ထပ်မံပြောကြားခဲ့ပါတယ်။
နိုင်ငံအချို့မှာ လုပ်ငန်းခွင်အတွင်း လုပ်သားရှားပါးမှုကြောင့် ကိုဗစ်ကွာရန်တင်း ကန့်သတ်ချက်တွေကို ဖြေလျှော့နေခြင်းနဲ့ ပတ်သက်ပြီးလည်း တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ မလေးကျန်းမာရေးဝန်ကြီး မစ္စတာ ခိုင်ရီ ကို မီဒီယာတွေက တောင်း ဆိုခဲ့ကြတာပါ။
မလေးရှားနိုင်ငံအနေနဲ့ ယခုနှစ်ကုန်ပိုင်းမှာ ကိုဗစ်ကပ်ဘေးနဲ့ ပတ်သက်ပြီး ကြော်ငြာချက်တွေထုတ်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
Ref,Straits Times