အမှန်/အမှား
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းကPDF သင်တန်းဆင်းများ အလင်းဝင်” ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာလ (၁၉) ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်အား ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ Kyaw Swar လို့ အမည်ပေးထားတဲ့ လူမှုစာမျက်နှာနှင့်အကောင့်တုကနေ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းက PDF သင်းတန်းဆင်းလူငယ်တွေ အလင်းဝင်လာတယ်ဆိုပြီး အခမ်းအနား ဓာတ်ပုံအချို့နှင့်အတူ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ထောက်ခံသူတွေရဲ့ ဖော်ပြမှု
ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့် သတင်းအမှားတစ်ခုသာဖြစ်နေတာကို စီစစ်တွေ့ရပါတယ်။
စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေသော PDF သင်းတန်းဆင်း အလင်းဝင်သူ ဓာတ်ပုံတွေဟာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မသက်ဆိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ PDF ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ Voice Of Pindaya ကတော့ အဆိုပါ အလင်းဝင်သူတွေကို ဒေသခံပြည်သူတွေနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပါ မသိကြောင်းနှင့် အလင်းဝင်တယ်ဆိုတာကလည်း စစ်တပ်ဖန်တီးထားတဲ့ အတုအယောင်သာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
Voice Of Pindayaရဲ့ သတင်းထုတ်ပြန်ချက်
People Spring နွေဦးတော်လှန်ရေး သတင်းစာမျက်နှာကလည်း အဆိုပါ အလင်းဝင်သူတွေက PDF တွေ မဟုတ်ကြောင်း ဒေသခံ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ဒါ့အပြင် ဓနုဒေသသည် ရှမ်းပြည်နယ်အတွင်း စစ်ရေးအတက်ကြွဆုံး ဒေသဖြစ်ပြီး လူငယ် အမြောက်အများကလည်း စစ်သင်တန်းတွေ တက်ရောက်ကာ စစ်တပ်ကို ခုခံတော်လှန် တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
People Spring နွေဦးတော်လှန်ရေး သတင်းစာမျက်မှာမှ ဖော်ပြမှု
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းက အလင်းဝင်လာခဲ့သော PDF သင်တန်းဆင်း “ဆိုတဲ့ သတင်းဟာ ဝါဒဖြန့် သတင်းအမှားတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်