ရေဖြူ၊ စက်တင်ဘာ(၂၄)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က စစ်ကောင်စီ ခလရ(၄၀၇) တပ်ရင်းအား ဝင်ရောက် တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ရေဖြူမြို့နယ်၊ ပိတောက်ကုန်းကျေးရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ စစ်ကောင်စီ ခလရ(၄၀၇) တပ်ရင်းတို့ကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော် နိုင်တီနိုင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ဝတုတ်တို့ ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကတော့ ကျဆုံးခဲ့တဲ့ ရဲဘော်နှစ်ယောက်အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်းနဲ့ မပြီးပြတ်သေးတဲ့ တာဝန်တွေကို ကျန်ရစ်သူရဲဘော်တွေက ဆက်လက် ထမ်းဆောင်မယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

ရေဖြူမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်ရှိမှာ နှစ်ဖက် စစ်ရေး ပိုမိုတင်းမာလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.