ရေး၊ စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီစခန်းငယ်တစ်ခုကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ခလရ (၅၈၈)တပ်ရင်းအနီး ကြိုးတံတားဘုန်းကြီး‌ကျောင်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို Ye Defence Force-YDFအဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ (၂)ခုတို့က ဝင်ရောက်စီးနင်းခဲ့တာပါ။

အဲဒီစခန်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တို့ တပ်စွဲထားတာ ဖြစ်ပြီး ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာ‌ကြောင့် သေနတ်နဲ့ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ Ye Defence Force-YDF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ ကျွန်တော်တို့နဲ့အတူ မဟာမိတ်အဖွဲ့ ၂ ဖွဲ့လည်းပါတယ်။ YGF၊ YPDF ၊ YDF ရယ်ပေါ့၊ သူတို့ကင်းပုန်ချထားတာ၊ အင်အားတော့ နည်းတယ်၊ နံနက်ခင်း အစောပိုင်း ၄ ခွဲအချိန်မှာ ဘုန်းကြီးကျောင်းကုန်းကနေ ဝင်ရောက် စီးနင်းတာပါ၊ပစ်ခတ်မှုတောင် မဖြစ်လိုက်ဘူး၊ သူတို့ထွက်ပြေးသွားကြတယ်၊ကျန်နေတဲ့ သေနတ် ၃ လက်နဲ့ ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရမိတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီစခန်းကို ဝင်ရောက်စီးနင်းရာမှာ စစ်ကောင်စီထံကနေ M-16 သေနတ်(၁)လက်၊ AK(၁)လက်၊ ဘော်ကာ(၁)လက်နဲ့ ဓား(၁)လက် တို့ကို သိမ်းဆည်းရမိခဲ့တာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.