မော်လမြိုင် – စက်တင်ဘာ(၂၁)

လုံခြုံရေးအစီအစဉ်တွေဆောင်ရွက်ရင် ပြည်သူလူအနှောက်အယှက် ဖြစ်တဲ့အထိကားလမ်း၊ရေလမ်း တွေကို တားဆီးစစ်ဆေးတာတွေကို အထူးရှောင်ကြဉ်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေကို အပတ်စဉ်ပြောတဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်း မှာအခုလိုပြောဆိုခဲ့တာပါ။

“ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ သွားလာရေးနဲ့ ကုန်သွယ် ရောင်းဝယ်ရေး ကိစ္စတွေအတွက် အနှောက်အယှက်မဖြစ်အောင် ဆင်ခြင်ဆောင်ရွက်ကြရမယ်။ ရပ်ရွာလုံခြုံရေး အကြောင်းပြချက်နဲ့ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝနဲ့လုပ်ငန်းဆောင်တာတွေ အနှောက်အယှက်ဖြစ်တဲ့ အထိ ကားလမ်း၊ ရေလမ်းတွေ တားဆီး စစ်ဆေးတာ၊ အခွန်ကောက်တာ၊ စီးပွားရေးလုပ်ငန်း တွေကို အတင်းအကြပ်စစ်ဆေးတာ၊ ဆက်ကြေးတောင်းတာ ဒါတွေကို အထူး ရှောင်ကြဉ်ရမှာ ဖြစ်တယ်”လို့ ဦးရည်မွန်က ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးဆောင်ရွက်ချိန်တွေမှာလဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊အကြမ်း ဖက်စစ်ကောင်စီနဲ့ မပက်သက်တဲ့ လူပုဂ္ဂိုလ်တွေ၊လုပ်ငန်းတွေကို ထိခိုက်မှုမရှိစေရေးသတိထား ဆောင်ရွက်ကြဖို့လည်း ဝန်ကြီးက ပြောပါသေးတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြည်သူတွေနဲ့ တစ်သားတည်းရှိနေရမှာဖြစ်ပြီး ပြည်သူတွေ ချစ်ခင်ကြည်ဖြူအားကိုးတဲ့ တပ်မတော်မျိုးဖြစ်ချင်ရင် ပြည်သူလက်ခံနိုင်တဲ့ အမူအကျင့်မျိုးကို တစ်ဦးချင်းနဲ့ တပ်ဖွဲ့အလိုက်ခံယူကျင့်သုံးရမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

တော်လှန်ရေးကာလမှာ လူငယ်တွေနဲ့ ပြည်သူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် အမည်အမျိုးမျိုးခံယူ ပြီး ဒေသတိုင်းမှာ ပြန့်နှံ့တည်ရှိနေတာက တော်လှန်ရေးရဲ့ အရှိတရားဖြစ်ပြီး LDF တွေဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တရားဝင်ပြည်သူ့အစိုးရနဲ့ တရားဝင်ပြည်သူ့တပ်မတော်ဖြစ်တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီယန္တရားကို ရှင်းလင်းဖယ်ရှား ရင်းနဲ့ နယ်မြေစိုးမိုးလာတာနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရားတည်ဆောက်တာ၊ပြည်သူ့လုံခြုံရေး အစီအမံတွေချမှတ်အကောင်အထည်ဖော်ရတာ၊ ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ အခွန်စနစ် ကျင့်သုံးဖော်ဆောင်ရမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.