ဒီပဲယင်း – စက်တင်ဘာ(၂၀)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ပြီးနောက်အသက်ရှင်ကျန်ခဲ့တဲ့ ကလေးတွေနဲ့ ဆရာ၊ဆရာမတွေကို ဖမ်းဆီးခဲ့တဲ့ အတွက် သူတို့တွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ယူနီဆက်က တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ – ယူနီဆက်က သားသမီးဆုံးရှုံးခဲ့ ရတဲ့ မိဘတွေနဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး အသေးစိတ်အချက်အလက်တွေကို ထပ်မံအတည်ပြုနေတယ်လို့ ဆိုထားတာပါ။
“စာသင်ကျောင်းများသည် ဘေးကင်းလုံခြုံသော နေရာများဖြစ်ရပါမည်။ ကလေးသူငယ်များကို မည်သည့်အခါမှ မတိုက်ခိုက်ရပါ’’ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် စစ်ကောင်စီရဲ့ လူမဆန် တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်တာတော့ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၆) ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့က အရပ်သားတွေ နေထိုင်တဲ့ နေရာတွေနဲ့ ကလေးသူငယ်တွေပညာသင်ကြားနေတဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က အကြောင်းရင်းမရှိပဲ လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ်(၁၁)ဦး သေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစား လိုက်နာပြီး ကလေးသူငယ်တွေနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ မပြုလုပ်ဖို့ Save the Children က တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်