မော်လမြိုင်၊ စက်တင်ဘာ (၁၅)

အာဏာသိမ်း စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့ တက်ရောက်ဖို့ မသင့်ကြောင်း သဘောထားပေးထားတဲ့ စစ်တမ်းတစ်ခုကို မွန်လူငယ်တွေ ဦးဆောင်တည်ထောင်ထားတဲ့ လဂွန်းအိမ်စာစဉ်က စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် တက်ရောက်သင့် မသင့် ပြည်သူလူထုရဲ့ သဘောထားကို သိရှိနိုင်ဖို့အတွက် လဂွန်းအိမ်စာစဉ်က စစ်တမ်းတစ်ခု ကောက်ယူခဲ့တာပါ။

အဲဒီစစ်တမ်းအရ ဖြေဆိုသူ ၇၃၀ ကျော်မှာ ၉၁ ရာခိုင်နှုန်းက သွားရောက်တွေ့ဆုံဆွေးနွေးဖို့ မသင့်ကြောင်း သဘောထားပေးခဲ့သလို ကျန်ရှိတဲ့ ၉ ရာခိုင်နှုန်းကသာ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ မှတ်ချက်ပြုခဲ့တာပါ။

မွန်လူငယ်တစ်ဦးကတော့ စစ်ကောင်စီလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီက တက်ရောက်ခဲ့ရင် စစ်အုပ်စုရဲ့ နိုင်ငံရေးအခင်းအကျင်းကို အသိအမှတ်ပြုရာ ရောက်တဲ့အတွက် မတက်စေချင်ဘူးလို့ ပြောပါတယ်။

“စစ်ကောင်စီလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ အယုံအကြည်မရှိလို့ အဖြေလုံဝမဖြစ်နိုင်လို့ ကျွန်တော့်အနေနဲ့ လုံဝလက်မခံဘူး။မတက်စေချင်ဘူး။ဘာကြောင့်လဲဆိုရင် ဒီလိုတက်ခြင်းအားဖြင့် စစ်ကောင်စီလုပ်တဲ့ နိုင်ငံရေးအခင်းအကျင်းကို ကိုယ်က (NMSP) ဝင်ပါပြီးတော့ စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်တယ်။ Legitimacy (တရားဝင်မှု) ပေးတယ်လို့ ပြောလို့ရတယ်။ဒီဟာ ဘယ်အထိ အကျိုးသက်ရောက်မှုရှိလဲဆိုရင်တော့ နိုင်ငံတကာကလည်း ဒီဟာကို ကြည့်ချင်းအားဖြင့် စစ်ကောင်စီက အကောင်းတွေ၊ ငြိမ်းချမ်းရေးတွေ လုပ်ပေးနေတယ်ဆိုပြီးတော့ ကိုယ်က (NMSP) ဝင်ပါပြီး အပြစ်ဖြစ်သွားတယ်လို့ ပြောလို့ရတယ်”လို့ သူက ထောက်ပြပါတယ်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ မေနောက်ဆုံးအပတ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စုနဲ့ ပထမအကြိမ် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲကနေ ပါတီစုံဒီမိုကရေစီနစ် ခိုင်မာအောင် တည်ဆောက်သွားဖို့ ၊ ပါတီစုံ ဒီမိုကရေစီစနစ်ကနေ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားဖို့နဲ့ မွန်ရေးရာကိစ္စရပ်တွေ ဆောင်ရွက်ပေးဖို့ အပါအဝင် အချက် ၇ ချက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

မွန်လူငယ်တစ်ဦးကလည်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်ပြန်သွင်းသလို ဖြစ်နေပြီး နိုင်ငံတဝန်း စစ်ကောင်စီကို အမြစ်ပြတ်တော်လှန်နေချိန်မှာ မွန်ပြည်သစ်ပါတီအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မသင့်ဘူးလို့ ဆိုပါတယ်။

“ဒီလိုဆွေးနွေးပွဲသွားတက်တယ်ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းနေသလို ဖြစ်တယ်။မြန်မာနိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသားအသီးသီး ရခိုင်၊ချင်း၊ကချင် နောက်ဆုံး ကျွန်တော်တို့နဲ့ အိမ်နီးချင်း ကရင် စတဲ့ နေရာဒေသတိုင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်။စစ်ကောင်စီကို ခုခံတော်လှန်စစ်တွေနဲ့ ပြန်ပြီးတော့ စစ်အုပ်ချုပ်ရေးစနစ်အမြစ်ပြတ်ဖို့အတွက်ကို တိုင်းရင်းသားအသီးသီးက တော်လှန်တိုက်ခိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့ မွန်လူမျိုးကို ကိုယ်စားပြုတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ စစ်တပ်နဲ့ သွားပြီးတော့ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်သင့်ဘူးလို့ မွန်လူငယ်တစ်ယောက်အနေနဲ့ မြင်တယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီနဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ မွန်ပြည်သစ်ပါတီ (NMSP)၊ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ အုပ်စုဖွဲ့ ပြီး ဆွေးနွေးဖို့ စစ်ကောင်စီက ဖိတ်ကြားထားပေမယ့် ဘယ်နေ့ ဆွေးနွေးဖြစ်မယ်ဆိုတာ မသိရှိရသေးဘူးလို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

စစ်ကောင်စီက ဒုတိယအကြိမ် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်က တက်ရောက်ဆွေးနွေးဖို့ ရှိ မရှိကို သံလွင်တိုင်းမ်က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံပြောဆိုပေးတာ မရှိပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (AL P)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့က တွေ့ဆုံဆွေးနွေးထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – ပထမအကြိမ်ဆွေးနွေးသည့်ဓာတ်ပုံများနှင့် စစ်တမ်းအခြေပြဇယား

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.