မော်လမြိုင်၊ စက်တင်ဘာ (၁၀)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၊ ဝဲကလိကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းရှိ စစ်ကောင်စီ ရဲကင်းဂိတ်ဟာ စက်တင်ဘာ ၉ ရက်နေ့ မနက် ၂ နာရီအချိန်မှာ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီရဲကင်းဂိတ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ခုက ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ အဲဒီရဲကင်းဂိတ်ဟာ ခရီးသွားလာနေတဲ့ ယာဉ်တွေကို ပိတ်ဆို့စစ်ဆေးပြီး ငွေတောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲကင်းဂိတ်ကို ဘယ်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့လဲဆိုတာ လက်ရှိအချိန်ထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒါ့အပြင် စက်တင်ဘာ ၉ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်မှာလည်း ရေးမြို့ ၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ရေးခရိုင်တရားရုံးကို ရေးဘီးလူးအဖွဲ့က လက်နက်ကြီး ၄၀ မမ နဲ့ လာရောက် ပစ်ခတ်တာ ဖြစ်ပါတယ်။

ရေးဘီးလူးအဖွဲ့ကတော့ ရေးခရိုင်တရားရုံးမှာ ထိုင်နေတဲ့ ရေးခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းက ပြည်သူ့ကာကွယ်ရေး PDF ကို အရှင်ဖမ်းပြမယ်လို့ စိန်ခေါ်တဲ့အတွက် လာရောက်တိုက်ခိုက်ရတာလို့ ဆိုပါတယ်။

ရေးခရိုင်တရားရုံး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက မြို့အတွင်း လုံခြုံရေး တင်းကြပ်ပြီး ပိတ်ဆို့ ရှာဖွေ စစ်ဆေးနေသလို ဆိုင်ကယ်တစ်စီးထဲ စီးလာတဲ့ လူငယ် ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ရေးဒေသခံ တစ်ဦးက ပြောပါတယ်။

ရေးခရိုင်တရားရုံး တိုက်ခိုက်မှုအတွင်း လူထိခိုက်ဒဏ်ရာတာ မရှိပေမယ့် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရေးခရိုင်တရားရုံးဟာ စက်တင်ဘာ ၈ ရက်နေ့ ညပိုင်းမှာလည်း ဗုံးခွဲတိုက်ခိုက်ခံထားရတာပါ။

ရေးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့ လဝကရုံး ဝင်ရောက်ပစ်ခတ်မှုအတွင်း လဝကရုံးဝန်ထမ်းအပါအဝင် ၃ ဦး သေဆုံးပြီးနောက် စစ်ကောင်စီက လုံခြုံရေးအထူးတင်းကြပ်ထားသလို လမ်းတချို့ကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.