လောင်းလုံး ၊ စက်တင်ဘာ (၁)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြိုနယ်၊ ညောပြင်ကျေးရွာက ငါးဖမ်းလုပ်ငန်းရှင် ဦးသိန်းဝင်း နေအိမ်ကို ချစ်စမ်းမောင် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့က ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေ ၃၀ သားနဲ့ ကျပ်သိန်း ၁၇၀ ယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၃၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်က ဗျူဟာမှူး တစ်ဦးအပါအဝင် တပ်အင်အား ၅၀ဦးလောက်ဟာ ကျောက်နီမော်ကျေးရွာလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတချို့ကို ကင်းချပြီး ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ချစ်စမ်းမောင် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ညောပြင်ကျေးရွာထဲကို ဆိုင်ကယ် ၆ စီး၊ ကား ၁ စီးနဲ့ ဝင်ရောက်လာပြီးနောက် ဦးသိန်းဝင် နေအိမ်ကို ဓါးပြတိုက်သွားခဲ့တာ ဖြစ်ပါတယ်။

ဓါပြတိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ချစ်စမ်းမောင် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင်တွေက သတင်းပေါက်ကြားပါက မိသားစုတွေ အပါအဝင် ကျေးရွာတစ်ခုလုံးကို မီးရှို့မယ်လို့ ခြိမ်းခြောက်သွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁ ရက်နေ့ မနက် ၆ နာရီလောက်မှာလည်း လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာအုပ်စု၊ ပြင်ကြီးရွာ(ရှိုင်းသာယာ)ရှိ အရင် ပျူစောထီးအဖွဲ့ဟောင်း ကိုဇော်မျိုးဦး(သေဆုံးသူ)ရဲ့ဇနီး မမီးဝေ နေအိမ်ကို ပျူစောထီးခေါင်းဆောင် ဦးလေးလေးရဲ့ တပည့် ကပ္ပလီဝင်းဇော်ဦးနဲ့အဖွဲ့ ဓါးမြဝင်တိုက်ခဲ့သလို မမီးဝေရဲ့ ဦးခေါင်းကိုလည်း သေနတ်နဲ့ပစ်ခတ်ပြီး ရွှေငွေ၊ ဖုန်းနဲ့ဆိုင်ကယ်တစ်စီးကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ မမီးဝေမှာ ဦးခေါင်းသေနတ်ကျည်ထိဒဏ်ရာဖြင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်စဉ် စက်တင်ဘာ ၁ ရက်နေ့ နေ့လည်ပိုင်းမှာ သေဆုံးသွားတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်အပေါ် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ လောင်းလုံးနဲ့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေထံက အကြမ်းဖက်ဓါးမြတိုက်၊ လူသတ်တာတွေနဲ့ ပြည်သူတွေကို အကြောက်တရားရိုက်သွင်းနေသလို တစ်ဖက်မှာလည်း ဗျူဟာကျကျ PDF တွေနဲ့ပြည်သူတွေအကြား သွေးကွဲအောင်လုပ်ဆောင်နေတယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့အတတ်နိုင်ဆုံး လုံခြုံတဲ့နေရာတွေမှာနေပေးဖို့၊ မိမိတို့ရဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို လုံခြုံဘေးကင်းတဲ့နေရာမှာ သိမ်းဆည်းကြဖို့၊ အပြင်သွားလာရမှာလည်း သတိထားသွားလာကြဖို့ ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဒေသခံ နေအိမ် မကြာခဏ ဓါးပြတိုက်ခံနေရပြီး သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ နေအိမ် ၁၀ လုံးထက်မနည်း ဓါးပြတိုက်ခံထားရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.