ရန်ကုန် ၊ စက်တင်ဘာ (၁)

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့လဆန်းပိုင်းကစပြီး အာဏာသိမ်း စစ်ကောင်စီက လုံခြုံရေး ပိုမိုတိုးမြှင့်လာသလို အများပြည်သူ သုံးဘတ်စ်ကားပေါ်တွေအထိ စစ်ဆေးတာတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ လုံခြုံရေးသိသိသာသာ တင်းကြပ်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း မထင်ရင်မထင်သလို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းကာလတွေမှာတော့ စစ်ကောင်စီဟာ အများပြည်သူ သုံးဘတ်စ်ကားပေါ်တွေအထိ စစ်ဆေးတာတွေ လုပ်ဆောင်လာတဲ့အတွက် အခက်ကြုံနေရတယ်လို့ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။

“ ရန်ကုန်မှာ မစ်ရှင်တွေများလာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း စစ်တာဆေးတာ တော်တော်လုပ်တယ်။ကားဂိတ်လိုနေရာမျိုးတွေ YBSကားပေါ်တွေ ကိုယ်ပိုင်ကားတွေစစ်တယ်.လူတွေ ဖုန်းတွေစစ်တယ်။ကားနောက်ဖုံးဖွင့်စစ်တယ်။ သူတို့ကသတင်းအရ တက်စစ်တာမှန်ပေမယ့် ဘတ်စ်ကားပေါ်မှာ စစ်တော့ အလုပ်သွားမယ့်လူတွေနောက်ကျတာတွေဖြစ်တယ်။ဖုန်းတွေပါ ယူစစ်တော့ စိတ်ကသိကအောက် ဖြစ်ရတယ်။လူတစ်ယောက်ရဲ့ လွတ်လပ်ပိုင်ခွင့်ကို ထိပါးတာလေ”လို့ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်က ပြည်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်ထားပေမယ့် ပေါက်ကွဲမှုတွေ နေ့စဉ်လိုလိုဖြစ်နေပါတယ်။

လမ်းပိတ်ဆို့ပြီး စစ်ကောင်စီတပ် ၂၄ နာရီ လုံခြုံရေး ချထားတဲ့ ရန်ကုန်မြို့တော်ခန်းမအနားမှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ရန်ကုန်မြို့ခံ တစ်ဦးကတော့ ပေါက်ကွဲမှု ဖြစ်ပွားတိုင်း စစ်ကောင်စီတပ်က လုံခြုံရေး ပိုမို တင်းကြပ်လာတာ တွေ့ရတယ်လို့ ပြောပါတယ်။

“ အထူးသဖြင့်ဒီ ၄၆ လမ်းတို့လို မြို့တွင်းတစ်ဝိုက်မှာပေါ့။လုံခြုံရေးပိုတင်းကြပ် ထားတယ်။ ရှစ်လေးလုံး ထီးသပိတ်နောက်ပိုင်းမှာ လမ်းကူးတဲ့သူတွေကို ခုံးတံတားအောက်ကနေ မကူးခိုင်းတော့ဘူး အပေါ်ကနေပဲ လမ်းဖြတ်ကူးခိုင်းတယ်။ အောက်ကနေကူးရင် အရေးယူမယ်လို့လည်း စာကပ်ထားတယ်။တချိူ့လူငယ်တွေက အောက်ကနေကူးတာတွေ ရှိသေးတယ်။ အဲ့တော့ မျက်စိရှေ့မှာတင် အဲ့လူငယ်တွေကို ခေါ်ပြီးစစ်ဆေးတာတွေ တွေ့ခဲ့ရတယ်။အဓိက မြို့ထဲဘက်ပိုင်းကို လုံခြုံရေးတင်းကြပ် ထားတာ။အကုန်လုံးလက်နက်တွေနဲ့။စစ်ကောင်စီ ဘက်ကဆိုလည်း ယူနီဖောင်း အပြည့်နဲ့ပေါ့ လုံခြုံရေးတွေချထားတယ်” လို့ ရန်ကုန်မြို့တွင်းမှာ နေ့စဥ်အလုပ်ဆင်းနေရသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ရန်ကုန်မှာ မြို့ပြပြောက်ကျားအဖွဲ့တွေ တိုက်ခိုက်မှု တစ်ခုလုပ်ပြီးတိုင်းမှာ လုံခြုံရေးပိုမိုတင်းကြပ်တဲ့ဒဏ်ကို ပြည်သူတွေခံစားရအောင် လုပ်ဆောင်ထားပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲဖို့ ကြိုးပမ်းနေပါတယ်။

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ ခေါင်းဆောင် တစ်ဦးကတော့ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားပေမယ့် ရန်ကုန်ကို သိမ်းပိုက်နိုင်ဖို့အတွက် မြို့ပြ စစ်ဆင်ရေးတွေ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“စစ်ဆင်ရေးတိုးမြှင့်လာတာနဲ့အမျှဒီကောင်တွေဘက်ကလုံခြုံရေးတိုးမြှင့်လာပြီး ။ကျွန်တော် တို့ ဘက်ကလည်း ဆုံးရှုံးမှု များတယ်။ဆုံးရှုံးမှုတိုင်းကို အင်အားအဖြစ် မွေးပြီးကျော်ဖြတ်လုပ်ဆောင် တိုက်ခိုက်နေတယ်။ ကျွန်တော်တို့က ရန်ကုန်သားတွေ ဖြစ်တဲ့အတွက်ရန်ကုန်ဆိုတဲ့နေရာကိုကျွန်တော်တို့အပိုင်ဖြစ်အောင် အမြဲတွန်းလှန်ပုန် ကန် နေမှာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေပေမယ့် ပြည်သူတွေမှာတော့ ခိုးမှု၊လုယက်မှုတွေနဲ့ နေ့စဥ် ကြုံတွေ့နေရပါတယ်။

နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးထားသူတွေကို ထိန်းသိမ်းဖို့နေရာမရှိတော့တဲ့ အချိန်မှာ ထောင်ထဲမှာရှိတဲ့ ခိုးဆိုးလုယက်သူတွေနဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေကြောင့် အပြစ်ကျခံနေရ သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ခေါင်းစဉ်နဲ့ ပြတ်လွှတ်ပေးခဲ့တဲ့အကျိုးဆက်ကို ပြည်သူတွေ ခံစားနေရတာလို့ ရှေ့နေတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.