မောင်တော – စက်တင်ဘာ(၁)

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မိုင်တိုင်အမှတ်(၄၀) နားက အာဏာသိမ်းစစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက်လိုက်တယ်လို့ ဩဂုတ်လ(၃၁) ရက်နေ့ ညပိုင်းက သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ကြီးတွေအပါအဝင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ AA က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားတာပါ။

အဲ့ဒီစခန်းအပါအဝင် အနီးတဝိုက်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာ ပြီးခဲ့တဲ့ဩဂုတ်လ(၂) ရက်နေ့တည်းက ဖြစ်တယ်လို့ ဆိုထားပြီး ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မိုင်တိုင်အမှတ်(၄၀) စခန်းကို ဩဂုတ်လ(၃၁) ရက်နေ့ မနက်(၉) နာရီကျော်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ စခန်းသိမ်းတိုက်ပွဲမှာ အထိအခိုက်အကျအဆုံးတချို့ရှိခဲ့တယ်လို့ ဆိုထားပြီး စစ်ကောင်စီဘက်က ရဲအုပ်စိုးစိုးပိုင်အပါအဝင် (၁၉) ဦး သေဆုံးခဲ့ကာ ဒုတပ်ကြပ် သက်ကိုဦး ကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေဆုံးသူတွေကို စခန်းအတွင်းမြှုပ်နှံထားတဲ့ အလောင်းအမြောက် အများကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၈) ရက်နေ့ကစစ်ကောင်စီဟာအပြစ်မဲ့ ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တဲ့လို့ ပြည်သူ(၃) ဦး သေဆုံးပြီး (၉) ဦးဒဏ်ရာရရှိခဲ့တဲ့အတွက် လက်တုံ့ပြန်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.