ရန်ကုန် ၊ စက်တင်ဘာ (၁)

ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လုပ်ခဝင်ငွေတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားနေတဲ့ (AD) လိုင်စင်ရ ဘဏ်တွေကနေ တရားဝင် ပြန်လွှဲပြီး စိတ်ကြိုက်သုံးစွဲနိုင်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ပြောင်းလဲ ခန့်အပ်ထားတဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်း‌ဆွေက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အဲဒီအမိန့်ကို ထုတ်ပြန်တာလို့ ဆိုပါတယ်။

ပြည်ပရောက်နိုင်ငံသားတွေရဲ့ လစာငွေကို မိမိကိုယ်တိုင်အတွက် သုံးစွဲတာ၊အခြားသူကို လွှဲပြောင်းတာ၊ဘဏ်တွေဆီ ရောင်းချတာတွေကို လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ငွေကြေးလေ့လာသူတစ်ဦးကတော့ ဘဏ်တွေကနေ တရားဝင်ငွေလွှဲပြောင်းမှုဟာ တစ်ဒေါ်လာ ၂၁၀၀ ကျပ်သာ ဖြစ်နေတဲ့အတွက် ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့ ငွေလဲနှုန်း ပိုရတဲ့ ပြင်ပငွေလွှဲလမ်းကြောင်းတွေကိုသာ ပြန်သုံးမှာ ဖြစ်ပြီး စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ကြေညာချက်ဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ပြည်ပရောက်နိုင်ငံသားတွေရဲ့ လစာဝင်ငွေကို တစ်ဆင့် ဝယ်ယူထားတဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ ထပ်ဆင့်ရောင်းချတာ မပြုရဘူးလို့ အမိန့်ထုတ်ထားပြီး မိမိကိုယ်တိုင် သုံးစွဲတာ၊ AD လိုင်စင်ရ ဘဏ်တွေထံ ရောင်းချတာတွေကို လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်လို့ ဆိုထားပါတယ်။

အဲဒီလို ဆောင်ရွက်ရာမှာလည်း AD လိုင်စင်ရ ဘဏ်တွေထံ နိုင်ငံခြားငွေ ဝင်ရောက်တဲ့ရက်ကစပြီး အပြီးသတ်ရောင်းချတဲ့အထိ ၂၁ ရက် အတွင်း လုပ်ဆောင်ရမှာဖြစ်ကာ စက်တင်ဘာ ၁ ရက်နေ့ကစပြီး အကျိုးသက်ရောက်စေရမယ်လို့ ဗဟိုဘက်က အမိန့်ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီ လက်အောက်ခံ ပြည်တွင်းအခွန်ဦးစီးဌာနကလည်း နိုင်ငံခြားကနေ ပြည်တွင်းကို တရားဝင်လွှဲပြောင်းတဲ့ ငွေတွေကို မော်တော်ယာဉ်ဝယ်ယူတာ၊ အခြေခံပစ္စည်းဝယ်ယူတာ၊ တည်ဆောက်တာနဲ့ ရင်းနှီးမြုပ်နှံတဲ့နေရာတွေမှာ အခွန်ကင်းလွတ်ခွင့်ပြုမယ်လို့ မက်လုံးပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၁၉ လတာအတွင်းမှာ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်ကနေ ၂၁၀၀ ကျပ်အထိ တိုးမြှင့်သတ်မှတ်လိုက်ပေမယ့် ပြင်ပပေါက်ဈေးတွေမှာတော့ တစ်ဒေါ်လာ ကျပ် ၄၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.