ဂန့်ဂေါ – စက်တင်ဘာ(၁)

ကုန်ပစ္စည်းတွေလိုအပ်တာထက်စျေးပိုမြင့်တက်လာတာကြောင့် စစ်ဘေးရှောင်တွေစားဝတ် နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရတဲ့အတွက် ဂန့်ဂေါမြောက်ပိုင်းမှာ ဆန်စပါးနဲ့ ဆီသယ်ယူ ရောင်းချတာကိုယာယီကန့်သတ်လိုက်တယ်လို့ ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

အခုလိုကန့်သတ်လိုက်တာဟာ ကုန်စျေးနှုန်းတွေမြင့်တက်နေတဲ့အတွက်လုပ်ဆောင်ထားတာ ဖြစ်ပြီး အခြေအနေတွေတည်ငြိမ်ရင် ဖြေလျှော့မှုတွေပြန်လုပ်ပေးသွားမယ်လို့ ဆိုထားပါတယ်။

“အဓိကကတော့ ဂန့်ဂေါနယါမြောက်ပိုင်းဒေသကို ဦးတည်တာ ဖြစ်တဲ့အတွက် စောင့်ကြည့်ရာ မှာလည်း အခက်အခဲတော့ သိပ်မရှိပါဘူး။ တစ်နယ်လုံးရဲ့ ဈေးကွက်အနေအထားကို ထိခိုက် နိုင်မယ့်အလားအလာတော့ မရှိနိုင်သေးပါဘူးခင်ဗျ။” လို့ ဂန့်ဂေါမြို့နယ်-ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းဒေသမှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးထားတဲ့ ဆန်စပါးနဲ့ ကောက်ပဲသီးနှံတွေရှိနေတဲ့အတွက် ဒေသတွင်း ဆန်နဲ့ဆီစျေးနှုန်းကို ထိန်းညှိဖို့ အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့မြောက်ပိုင်းဟာ တောင်ပိုင်ထက် လူဦးရေးထူထပ်ပြီး ကျေးရွာကြီး များသလို မြို့ပေါ်မှာ အဓိကစားသုံးနေတဲ့ ဆန်ဆီတွေဟာ မြောက်ပိုင်းက ထွက်ရှိနေတာ ဖြစ်ပါတယ်။

ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက မဖြစ်သင့် သလို အမိန့်ကြေညာစာမဟုတ်ဘဲ ပြည်သူတွေကို မေတ္တာရပ်ခံချက်ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

“ဒေသန္တရအမိန့်ဆိုလဲ သေချာပြန်စဉ်းစားဖို့လိုတယ်။ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအနေနဲ့ အဓိကလုပ်သင့်တာက စကစနဲ့ အုပ်ချုပ်ရေးအပြိုင်တည်ဆောက်ပြီး အုပ်ချုပ်ရေးအာဏာ ပြိုင်ရမှာ။ ခုတော့ ပြည်သူပိုင်ပစ္စည်း ဆန်-ဆီကိုတောင် တားမြစ်ပစ္စည်းအဖြစ်သတ်မှတ်ပြီး သယ်ယူရောင်းချခွင့်မပြုဆိုတော့ ပအဖက လူကြီးတွေက တဖက်ကိုအားပြိုင်မှာလား၊ လက်နက်မဲ့ ကိုယ့်ပြည်သူအပေါ်ဘဲ အမိန့်တွေနဲ့ အနိုင်ကျင့်နေတော့မှာလားလို့ မေးခွန်း ထုတ်ပါရစေ။”လို့ ဒေသခံကိုဘကောင်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကနေ ဂန့်ဂေါမြို့ပေါ်နဲ့ မြို့နယ် ပြင်ပ ကို ဆန်စပါးနဲ့ ဆီသယ်ယူတာတွေကို ပိတ်ပင်တားမြစ်တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ(၃၀) ရက်နေ့ က ကြေညာထားတာဖြစ်ပါတယ်။

ထုတ်ပြန်ကြေညာချက်ကို ချိုးဖောက်ပြီး အရောင်းအဝယ်ပြုလုပ်မယ်ဆိုရင် တားမြစ်ကုန်ပစ္စည်း တွေကိုသိမ်းယူသွားမယ်လို့ ဆိုထားပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ ထိတွေတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြည်သူတွေရဲ့ နေအိမ် (၃) သောင်းနီးပါးကို မီးရှို့ဖျက်ဆီးထားပြီးအဲ့ဒီထဲမှာ မကွေးတိုင်းက အိမ်ခြေ (၅၄၈၁) လုံး နဲ့ ဒုတိယ အများဆုံးမီးရှို့ဖျက်ဆီးခံထားရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.