ခေါဇာ ၊ စက်တင်ဘာ ၁

မွန်ပြည်နယ်၊ရေးမြို့နယ်၊ ခေါဇာမြို့ ရဲစခန်းကို ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း) (MSDF-S) က ပထမဦးဆုံး စစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီ ရဲတပ်သား‌တွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ သိရပေမယ့် အရေအတွက်အတိအကျကို စုံစမ်း‌နေဆဲဖြစ်တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း)က ဆိုထားပါတယ်။

ဆင်ဖြူစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ဒီတိုက်ခိုက်မှုဟာ မွန်ပြည်ကာကွယ်ရေးတပ် စတင်တည်ထောင်ပြီးနောက် ပထမဦးဆုံး စစ်ဆင်ရေးဖြစ်ပြီး တပ်ဖွဲ့ဝင်ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း)ဟာ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သံဓိဌာန်ချထားတဲ့ မွန်လူမျိုးတွေနဲ့ မွန်ပြည်နယ်အတွင်းက ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ် ဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ပြည်သူတွေအများစု နေထိုင်တဲ့ ခေါဇာမြို့မှာ အခြေချထားတဲ့ ရဲစခန်းနဲ့ ခလရ တပ်ရင်း (၃၁) တို့ဟာ ရေးတောင်ပိုင်းဒေသအတွင်း မွန်လူငယ်တွေအကြား မြင်းဆေးအပါအဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရာမှာ အဓိက အားပေးနေကြပြီး အဲဒီလုပ်ငန်းကနေ ဝင်ငွေ ရှာဖွေနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.