သထုံ ၊ သြဂုတ် (၃၀)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြသပိတ်တောင်ရှိ ဝါးရုံအတွင်း အသတ်ခံထားရတဲ့ အမျိုးသမီး တစ်ဦးရဲ့ ရုပ်အလောင်းကို သြဂုတ် ၃၀ ရက်နေ့ မနက်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြသပိတ်တောင်တောထဲ မျှစ်ချိုးသွားသူတစ်ဦးက ပုတ်ပွသေဆုံးနေတဲ့ အမျိုးသမီးအလောင်း တစ်ခု တွေ့ရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေ အပါအဝင် တာဝန်ရှိသူတွေကို အကြောင်းကြားလာတာကြောင့် သွားရောက်ကြည့်ရှု့စဉ် အသတ်ခံထားရတဲ့ အမျိုးသမီး ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။

သေဆုံးသူဟာ အသက် ၂၀ နှစ်အရွယ်ရှိ မမေသင်္ကြန်ဦး ဖြစ်ပြီး သထုံမြို့နယ် သိမ်ကုန်းရပ်ကွက်၊ ဘူတာလမ်းမှာ နေသူဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူကို ပြန်လည်တွေ့ရှိချိန်မှာ ခန္ဓာကိုယ်ပုတ်ပွနေပြီး ဘယ်ဘက်ပေါင်မှာ ၄ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိထားပြီး အမျိုးသမီးအင်္ဂါနဲ့ ရင်သားတွေမှာတော့ အဝတ်စလစ် ဖြစ်နေပါတယ်။

ဒေသခံတွေကတော့ သေဆုံးသွားတဲ့ မမေသင်္ကြန်ဦးဟာ မသေဆုံးမီ အဓ္ဓမ ကျင့်ခံထားရတဲ့ အခြေအနေ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

သေဆုံးသူရဲ့အလောင်းကိုတော့ လူမှုကူညီရေးအသင်းအဖွဲ့တွေက သွားရောက်သယ်ဆောင်ခဲ့ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံမှာ ဘာကြောင့် သေဆုံးခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

သထုံမြသပိတ်တောင်မှာ မြို့တွင်းက သမီးရည်းစားစုံတွဲတွေ၊ အလှဓါတ်ပုံရိုက်သူတွေနဲ့ လေ့ကျင့်ခန့်လုပ်သူတွေ သွားလာတတ်လေ့ရှိပြီး မကြာခဏဆိုသလို ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ လုယက်ခံနေရတာ ဖြစ်ပါတယ်။

သထုံမြို့အတွင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် လူနေအိမ်တွေမှာလည်း မကြာခဏ ဝင်ရောက်ခိုးယူခံရတာ၊ လမ်းပေါ်မှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေ ခိုးယူခံရတာ၊ လမ်းမအလယ်မှာ လုယက်ခံရတာတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.