မော်လမြိုင် ၊ သြဂုတ် (၃၀)

ပြည်တွင်း ရွှေဈေးနှုန်း ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီနဲ့ ရွှေလုပ်ငန်းရှင်တွေ တွေ့ဆုံပြီးနောက် မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်အထိ စံချိန်တင် ထပ်မံမြင့်တက်လာတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့မှာ စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီးနောက် ရွှေဈေးကစားသူတွေကို ဖမ်းဆီးဖို့၊ ရွှေအရောင်း အဝယ် ပြုလုပ်ရာမှာ စာရင်းတင်ဖို့နဲ့ဘဏ်စနစ် အသုံးမပြုသူတွေကိုပါ အရေးယူသွားမယ်လို့ ထုတ်ပြန်ပြီးနောက် ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်လာတာ ဖြစ်ပါတယ်။

ပြည်တွင်း ရွှေဈေးနှုန်းဟာ စစ်ကောင်စီနဲ့ ရွှေလုပ်ငန်းရှင်တွေ မတွေ့ဆုံမီ ပြီးခဲ့တဲ့ ဩဂုတ်လ တတိယပတ်အတွင်းက တစ်ကျပ်သား ကျပ် ၂၆ သိန်းကျော်သာ ရှိရာကနေ သြဂုတ် ၃၀ ရက်နေ့မှာတော့ ကျပ် သိန်း ၃၀ ကျော်ထိ စံချိန်တင် မြင့်တက်လာတာ ဖြစ်ပါတယ်။

ရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်း ဆက်တိုက် မြင့်တက်လာတာနဲ့ ရွှေဝယ်ယူသူတွေ များလာပြီးနောက် ရွှေလက်ကျန် မရှိတော့တဲ့အတွက် စံချိန်တင် ထပ်မံမြင့်တက်လာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်း ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက် နေပေမယ့် ကမ္ဘာ့ရွှေဈေးကွက်မှာတော့ တစ်အောင်စကို ဒေါ်လာ ၁၈၀၀ ကနေ ၁၇၃၀ ထိ ဈေးနှုန်း ကျဆင်းနေတာ ဖြစ်ပါတယ်။

ပြည်တွင်း ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက်နေတာကြောင့် ရွှေဈေးကွက်ကို ထိန်းချုပ်ဖို့ အတွက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် သိန်းနှစ်ဆယ်သုံးသောင်းနဲ့ ရောင်းချဖို့ ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ ဝယ်ယူလို့ မရဘူးလို့ ရွှေရောင်းဝယ်နေသူတွေက ပြောပါတယ်။

ရွှေဈေးနှုန်း တွေဟာ NLD အစိုးရ လက်ထက်တုန်းက မီးလင်း အခေါက်ရွှေ (၁)ကျပ်သားကို (၁၃)သိန်း ဝန်းကျင်သာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် ဈေးနှုန်း (၃)ဆ နီးပါးထိ စံချိန်တင် မြင့်တက် လာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.