မော်လမြိုင် ၊ သြဂုတ် (၃၀)

ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို အာဏာသိမ်း စစ်ကောင်စီက ပြန်လည် တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) ရဲ့ အမှု ၂ မှုအတွက် ဒီကနေ့ သြဂုတ် ၃၀ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ် အသိုင်းအဝိုင်းကနေ သိရပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အဲဒီအမှု ၂ မှုဟာ တရားစွဲ အဖွဲ့အစည်း ခွင့်ပြုမိန့် မပါတာကြောင့် ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာ ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ကနေ အမှုတစ်ခုလုံးကို ချေဖျက်ကြောင်း အမိန့်ချမှတ်ခဲ့တာပါ။

ဒါပေမယ့် အာဏာသိမ်း စစ်ကောင်စီက အဲဒီအမှု ၂ မှုလုံးကို တရားစွဲအဖွဲ့အစည်း ခွင့်ပြုမိန့် လျှောက်ထားပြီး ပြန်လည် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှု ၂ မှုအတွက်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို ဖမ်းဆီးထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီရုံးချိန်းမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ရှေ့နေ့အဖွဲ့က ပါဝါလျှောက်တင်ခဲ့ပြီး လာမယ့်ရုံးချိန်းကို စက်တင်ဘာ ၆ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တာ ဖြစ်ပါတယ်။

ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံကတော့ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၁၃၀(က)အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.