မော်လမြိုင် ၊ သြဂုတ် (၃၀)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ထုတ်လုပ်မှုကုန်ကျစရိတ် အဆမတန် မြင့်တက်လာတာကြောင့် မွေးမြူရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းနီးပါး အပြီးပိုင် ရပ်နားလိုက်ရပြီလို့ မွေးမြူရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မွေးမြူရေးသုံး သွင်းအားစုတွေ ဖြစ်တဲ့ အစာနဲ့ ဆေးဝါးတွေ ဈေးနှုန်း အဆမတန် ကြီးမြင့်လာတာ၊ အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက် အရှုံးပေါ်တာကြောင့် လုပ်ငန်းတွေ ရပ်နားလိုက်ရတာ ဖြစ်ပါတယ်။

မွေးမြူရေးသုံး အစာဈေးနှုန်းတွေဟာ အရင်က တစ်အိတ် ကျပ်(၂၀၀၀၀) ဝန်းကျင်သာ ရှိရာမှ အခုအခါမှာတော့ ကျပ်(၇၀၀၀၀)ကျော်ထိ မြင့်တက်နေသလို ဆေးဝါး၊ ခြံဆောက်လုပ်ရေး စရိတ်နဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကလည်း (၂)ဆနီးပါး အားလုံး မြင့်တက် နေတာ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေ လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ရှိလာတာကြောင့် မွေးမြူရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းနီးပါး အပြီးပိုင်ရပ်နားရပြီးလို့ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“လက်ရှိကတော့ အစာစရိတ် ကြီးမြင့်မှုတွေ ပြီးတဲ့ အခါကျတော့ ရာသီဥတု အချိန်းအပြောင်းမှာ ဖြစ်တဲ့ ရောဂါပေါ့၊ ရောဂါ ပြသနာတွေ အဲ့တာတွေက အဓိက စိန်ခေါ်မှုတွေဘဲ၊ ရာခိုင်နှုန်း တော်တော်များများ လျော့သွားတယ်၊ ဒေတာတွေ အရတော့ ဒီ(၇၀) ရာခိုင်နှုန်းလောက်တော့ ရပ်သွားကြတယ်၊ မိသားစု စီးပွားရေး တစ်ခု အနေနဲ့ မှီတည်လုပ်တဲ့သူတွေက အလုပ်လက်မဲ့ ပြသနာတွေ ဖြစ်လာမယ်၊ အဲ့ဒီမှာ မိသားစုလိုက် အကြွေးတွေ တင်လာတယ် ပြသနာတွေ ပေါ်လာပြီးတော့ တချို့ဆို မိသားစုလိုက် တခြားနိုင်ငံတွေကို ရှောင်သွားကြတာ ရှိတာပေါ့၊ အဲ့ဒီမှာ ဘာတွေ ဖြစ်လာလည်း ဆိုတော့ လူ့ဂုဏ်သိက္ခာတွေ ထိခိုက်လာတာပေါ့၊ အဲ့လို လိမ်ညာမှုတွေ ပေါ်လာတာတွေ ဖြစ်လာတယ်၊ အလုပ်လက်မဲ့ ဖြစ်လာတယ်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် မွေးမြူရေး လုပ်ငန်းတွေမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ အဆမတန် မြင့်တက်နေတာကြောင့် မွေးမြူရေး လုပ်ငန်း အသစ်လုပ်ကိုင်တာနဲ့ တိုးချဲ့လုပ်ကိုင်သူတွေလည်း မရှိတော့သလို တချို့ကတော့ လုပ်ငန်းတွေ ပြောင်းလဲ လုပ်ကိုင် လာကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်နေတာကြောင့် လျှော့ချပြီး မွေးမြူလာကြသလို အကျိုးအမြတ် မရှိသလောက် နည်းပါးလာတဲ့ အတွက် မွေးမြူရေးလုပ်ငန်း ဆက်လက်ဖို့ပင် အခက်ကြုံနေရတယ်လို့ မွေးမြူရေး ခြံပိုင်ရှင် တစ်ဦးက ပြောပါတယ်။

“မွေးမြူရေးကတော့ လောလောဆယ် လျော့ထားတယ်၊ အစာတွေ နဲ့လေ ကိုယ်မွေးဖို့နဲ့ ကျတော့ သိပ်ပြီး မကျန်ဘူး၊ အဲ့တာကြောင့် လျော့တော့ လျော့ထားတယ်၊ တခါမှလည်း ဒီလို အဖြစ်မျိုး မကြုံဖူးဘူးလေ၊ ဘာဖြစ်လို့လည်း ဆိုတော့ အခုမှ လုပ်နေကြတဲ့ လူမဟုတ်ရင်တောင်မှ တော်တော်‌လေး အခက်အခဲ ဖြစ်သွားတာ၊ ကိုဗစ်ပြီးသွားတော့ အခု နိုင်ငံရေး အခြေအနေ မကောင်းတာနဲ့ ကုန်ဈေးနှုန်းတွေ ဈေးတက်တယ် ဆိုတော့လေ၊ ပြောရမယ် ဆိုရင် ကိုယ်လုပ်လည်း လုပ်တယ် မမြတ်လည်း မမြတ်ဘူး အဲ့လိုပုံစံ ဖြစ်သွားတော့လည်း အဲ့လိုမျိုးပေါ့နော် မမွေးတော့ ဘူးပေါ့နော်”လို့ ဆိုပါတယ်။

မွေးမြူရေးလုပ်ငန်းတွေ ရပ်နားလာတဲ့အတွက် ဈေးကွက် အတွင်း ကြက်ဥ တစ်လုံးကို ကျပ် (၂၀၀)ကနေ ကျပ် (၂၅၀)ထိ ဈေးနှုန်း မြင့်တက်လာသလို ဘဲဥ တစ်လုံးကလည်း ကျပ်(၃၀၀)မှ ကျပ် (၄၀၀) ဝန်းကျင်ထိ ပေါက်ဈေး ရှိနေတာပါ။

တဖက်မှာတော့ မွေးမြူရေးလုပ်ငန်းတွေဟာ အရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် အကြွေးပြန်မဆပ် နိုင်တဲ့ အတွက် မိသားစုလိုက် တခြားနိုင်ငံတွေကို သွားရောက် ရှောင်နေရသူတွလည်း ရှိလာတယ်လို့ ဆိုပါတယ်။

မွေးမြူရေး လုပ်ငန်းတွေ ရပ်နား လာကြတာကြောင့် ကျွမ်းကျင် လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်မှုနှုန်း မြင့်တက်လာသလို မွေးမြူရေး လုပ်ငန်းကို မှီခို လုပ်ကိုင် နေသူတွေရဲ့ စားဝတ်နေရေးတွေလည်း ပိုမို ကြပ်တည်း လာတယ်လို့ မွေးမြူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ မွေးမြူရေး လုပ်ငန်း အနေနဲ့ ကြက်၊ ဝက်၊ ဘဲနဲ့ ငါး မွေးမြူရေး လုပ်ငန်းတွေကို အဓိက လုပ်ကိုင် ကြပြီး ဆိတ်၊ နွားနဲ့ ငုံး မွေးမြူရေး လုပ်ငန်းတွေကိုတော့ တနိုင်တပိုင် လုပ်ကိုင်မှု ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.