သထုံ၊ သြဂုတ် ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးဟာ သြဂုတ် ၂၉ ရက်နေ့ ည ၇ နာရီလောက်က ဗုံးခွဲခံရတာကြောင့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးရုံးကို အမည်မသိအဖွဲ့တစ်ခုက ဗုံးထောင်ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ဗုံးပေါက်ကွဲပြီး‌နောက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပျက်စီးပြိုကျခဲ့ပြီး လူထိခိုက်တာတွေမရှိဘူးလို့ ဆိုပါတယ်။

“အဲဒီရုံးက လူမရှိလိုဘူး။ ညက ပေါက်ကွဲသံကြားပြီး မီးလောင်သွားတာ။ ရုံးကလည်း နဂိုကတည်းက ခပ်ဆွေးဆွေးဆိုတော့ မီးလောင်ပြိုကျသွားတယ်။ လူထိခိုက်တာမရှိဘူးလို့တော့ သိရတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဗုံးဖောက်ခွဲခံရပြီး မီးလောင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးရုံးကို မီးသတ်တပ်ဖွဲ့တွေက လာရောက် မီးငြိမ်းသတ်သွားတာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ သေနတ်ပစ်ဖောက်တာနဲ့ ပိတ်ဆို့စစ်ဆေးတာ‌တွေ လုပ်‌ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်းကလည်း နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရပြီး အုတ်နံရံနဲ့အမိုးသွပ် အနည်းငယ် ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.