မော်လမြိုင် – ဩဂုတ်(၃၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ သဘောဆန္ဒနဲ့ ပြည်တော်ပြန်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကောင်းမွန်သင့်တော်တဲ့ အခြေအနေတွေ ဖန်တီးနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေရှ် နိုင်င့မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ပြည်သူတွေရဲ့ ဩဂုတ်လ (၂၉) ရက်နေ့ ညပိုင်း တွေ့ဆုံချိန်မှာ အခုလိုပြောဆိုခဲ့တာပါ။

“အိမ်နီးနားချင်းနိုင်ငံတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မိမိသဘောဆန္ဒဖြင့်၊ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိဖြင့် ရေရှည်တည်တံ့သောပြည်တော်ပြန်နိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရဟာ ရိုဟင်ဂျာ ပြည်သူတွေများ၊တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ ၊ဘင်္ဂလားရှ်ေ့ အစိုးရနှင့် ကုလသမဂ္ဂတို့နှင့်အတူ ရိုဟင်ဂျာ ပြည်သူတွေအိမ်ပြန်နိုင်ရေး အတွက် ကောင်းမွန်သင့်တော်သော အခြေအနေများ ဖန်တီးရန်ကြိုးစားနေကြောင်း ထပ်မံ ကတိပြု လိုပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး တရားမျှတမှုနဲ့ တာဝန်ယူမှုတည်ဆောက်တာ၊ရိုဟင်ဂျာပြည်သူတွေပြည်တော်ပြန်နိုင်ရေးအထောက်အကူပြုဖို့ အခြေအနေတွေဖန်တီးတာနဲ့ ဥပဒေအရနဲ့လက်တွေ့အရ တန်းတူညီမျှမှုပေးနိုင်ဖို့ ကြိုးပမ်းနိုင်မယ့် အချက်(၃) ချက်ကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

” မြန်မာစစ်တပ်အနေနဲ့ရိုဟင်ဂျာပြည်သူများ ပျောက်ပျက်သွားစေဖို့အတွက် အကြမ်းဖက် ကျုးလွန်မှုတွေကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော်ဟာရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုချိန်ထိအိုးမဲ့အိမ်မဲ့ဖြစ်တဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရတယ်” လို့ NUG တော်ယာယီ သမ္မတဒူဝါလရှီးလက ပြောဆိုခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ရိုဟင်ဂျာ ပြည်သူတွေရဲ့ တင်ပြချက်တွေနဲ့ မေးမြန်းမှုတွေကိုလည်း ယာယီသမ္မတက ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။

“လက်ရှိအချိန်မှာ ရိုဟင်ဂျာတွေပြန်ရမယ့် နယ်မြေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အမှန်တကယ် နေရပ်ပြန်ရေးအတွက် လက်တွေ့လုပ်ဆောင်နိုင်ဖို့ မလွယ်ပါဘူး” လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုရိုနေဆန်းလွင် ကသံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် နယ်မြေထိန်းချုပ်နိုင်ချိန်မှာ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ဖို့အတွက် အခုချိန်ထဲက လိုအပ်တာတွေကြိုတင်ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်ရင် ရိုဟင်ဂျာ ဒုက္ခ သည် တွေရဲ့ နေရပ်ပြန်ဖို့ မျှော်လင့်ချက်ပိုရှိလာမှာ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ကို စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခံနေရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားရှ်ေ့နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ ရတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို ရိုဟင်ဂျာ တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက ICJ အပြည်ပြည်ဆိုင်ရာ တရားရုံး၊ICC နိုင်ငံတကာရာဇဝတ်တရားရုံးတို့မှာ တရားစွဲဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.