မော်လမြိုင် ၊ သြဂုတ် (၃၀)

မွန်ပြည်နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဆေးရုံတွေမှာ သွားရောက်ဆေးကုသမှု ခံယူကြတဲ့ လူနာနဲ့လူနာရှင်တွေကို စစ်ကောင်စီဝန်ထမ်းတွေက ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ကာလတုန်းကတော့ ဆေးကုသဖို့လာရောက်သူတွေကို စစ်ဆေးမေးတာတွေ မရှိခဲ့ပါဘူး။

အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်သူ့ဆေးရုံတွေမှာ အရေးပေါ်ဆေးကုသဖို့လာတဲ့ လူနာနဲ့ လူနာရှင်တွေကို ကျန်းမာရေးဝန်ထမ်းတွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ချက်ချင်းဆေးကုမှု မပြုလုပ်ဘဲ ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

သေရေးရှင်ရေးအရ အရေးပေါ်ဖြစ်နေတဲ့ လူနာတွေကိုတောင် ဆေးကုသမှု ချက်ချင်းမပေးဘဲ နေရပ်လိပ်စာနဲ့တကွ နောက်ကြောင်း ရာဇဝင်တွေကိုပါ စစ်ဆေးမေးမြန်းပြီးမှ ကုသမှု ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံမှာ မကြာသေးခင်က ဆေးကုသမှုခံယူခဲ့သူတစ်ဦးရဲ့ မိသားစုဝင်က သူတို့ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပြလာပါတယ်။

“ အဖေ ဆေးရုံကို အရေးပေါ်တင်လိုက်တဲ့ နေ့ကဆိုရင် ဆေးရုံထဲကို ချက်ချင်းအဝင်မခံဘူး၊ ဘယ်ကလဲ၊ ဘယ်သူလဲ၊ သေချာမေးနေတာ မပြီးနိုင်တော့ဘူး။ ဒီမှာ လူနာက အသက်လုနေရတာကို သူတို့ဂရုမစိုက်ဘူး။ လူနာကို ဆက်ဆံတဲ့ပုံစံ ကလည်း အရမ်းဆိုးတယ်၊ မသိရင်သူခိုးလူဆိုး ရာဇဝတ်သားတစ်ယောက်လိုပဲ။ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဆေးရုံမှာ ဆေးကုသမှုခံရတာ အဆင်မပြေတော့ဘူး၊ အောက်ခြေပြာတာကအစ ကြောက်နေရသလိုဖြစ်နေပြီ” လို့ ဆိုပါတယ်။

ဒ့ါအပြင် အရေးပေါ်ကုသဖို့လာရောက်တဲ့ လူနာကို အချိန်မီဆေးကုသမှု လုပ်မပေးဘဲ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တာကြောင့် လူနာတွေရဲ့ ရောဂါပိုမိုပြင်းထန်လာနိုင်ပြီး အသက်အန္တရာယ်ကို မိသားစုဝင်တွေက စိုးရိမ်ခဲ့ကြရပါတယ်။

ပြည်သူ့ဆေးရုံတွေမှာ ကုသရာမှာလည်း အခြေခံဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဂွမ်းမှအစခအရက်ပျံအဆုံး လူနာရှင်ကိုယ်တိုင် ပြင်ပမှဝယ်ယူနေရတယ်လို့ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရသူတစ်ဦးရဲ့ ဖခင်က ပြောပါတယ်။

“ သားက ဆိုင်ကယ်မှောက်လို့ ဆေးရုံကြီးတင်လိုက်တာ၊ ပထမရက်ကတော့ အဆင်ပြေသေးတယ်၊ နောက်ရက် ကျတော့ ဘာလဲကွာ ဂွမ်းနဲ့ အရက်ပျံမရှိတော့လို့ အပြင်ကနေဝယ်လာပေးပါ၊ အကိုက်အခဲ ပျောက်ဆေးလည်း ပါသေးတယ်။ အပြင်ကနေ ဝယ်ပေးပါဆိုတော့ မဟုတ်သေးဘူးလေ၊ ဒါတွေက ဆေးရုံမှာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံပစ္စည်းတွေပဲလေ၊ ဘာလို့ မရှိတာလဲဗျာ မသိတော့ဘူးဗျာ။ အာဏာသိမ်းပြီးတော့ မွန်က ဆေးရုံတိုင်းမှာလိုလို အခုလိုပြဿနာနဲ့ ကြုံနေရတာ ” လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဆေးရုံတွေဆီ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

အာဏာသိမ်းပြီးနောက်မှာတော့ ကျန်းမာရေးဝန်ထမ်းအများစုဟာ စစ်အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့ဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

ဒါကြောင့် အစိုးရဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ လျော့နည်းသွားခဲ့ပြီး အချို့သောဆေးရုံများမှာ ပြင်ပလူနာကိုတောင် လက်မခံနိုင်လောက်တဲ့အထိ အခြေအနေတွေ ရောက်ရှိခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ အစိုးရကျန်းမာရေးဌာနတွေမှာ အလုပ်ပြန်လည် ဝင်ရောက်ဖို့ CDM ဝန်ထမ်းတွေကို ထပ်ခါတလဲလဲ ပြန်လည်ဖိတ်ခေါ်ခဲ့ပေမယ့် အနည်းစုသာ ပြန်လည် တာဝန် ထမ်းဆောင်ခဲ့တာကြောင့် စစ်ကောင်စီအတွက် အောင်မြင်မှုမရခဲ့ပါဘူး။

အခုလို အခြေအနေကြောင့် ဆေးရုံတွေမှာ ဝန်ထမ်းအင်အား မလုံလောက်တာ၊ ကျန်းမာရေးဝန်ဆောင်မှု ကောင်းကောင်းမပေးနိုင်တာ၊ မြန်မာငွေကျပ်ငွေ တန်ဖိုးကျဆင်းပြီးနောက် ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ဆေးနဲ့ဆေးပစ္စည်းများ ဝယ်ယူဖို့ ခက်ခဲတာ အစရှိတဲ့ ပြဿနာများစွာ ဖြစ်ပွားနေတယ်လို့ CDM ပြုလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.