မြဝတီ၊ သြဂုတ် (၃၀)

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းပေါ်က ကျော်ဝါးဘိုးဘုရားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သြဂုတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကျော်ဝါးဘိုးဘုရားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သြဂုတ် ၂၈ ရက်နေ့ ည ၁၂ နာရီလောက်မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ Federal Wings Drone အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ဒုအရာခံဗိုလ်တစ်ဦး ၊ တပ်ကြပ်ကြီး တစ်ဦး ၊ စုစုပေါင်း၂ ဦး သေဆုံးခဲ့ပြီး အရာရှိ ၂ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေကတော့ အဲဒီတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ တပ်ကြပ် တစ်ဦးကလည်း မော်လမြိုင်စစ်ဆေးရုံမှာ သေဆုံးသွားပြီး ကျန် အရာရှိ ၂ ဦးကလည်း အခြေအနေ မကောင်းဘူးလို့ ဆိုပါတယ်။

မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ ကော်ဘရာစစ်ကြောင်းနဲ့ တစ်လနီးပါးကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က ဝေဟင်ကနေ ကလက်စတာဗုံး၊ ပေါင် ၅၀၀ ဗုံး အမြောက်အများ အသုံးပြုတိုက်ခိုက်ခဲ့သလို မြေပြင်ကနေ တိုက်ခိုက်ရေးတပ်၊ လက်ရုံးတပ်၊ စစ်ကူတပ် အပါအဝင် အမြှောက်တပ်၊ ဒုံးတပ်ရင်းတွေနဲ့ပါ အတွဲအလိုက်ပစ် ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက ကြည်ကြောင်းရော လေကြောင်းပါ သုံးပြီး တိုက်ခိုက်လာတာကြောင့် ကော်ဘရာစစ်ကြောင်းက ကျော်ဝါးဘိုးဘုရားအနီး ကုန်းတစ်ခုကို လက်လွှတ်ပေးထားရတာ ဖြစ်ပါတယ်။

ကော်ဘရာစစ်ကြောင်း လက်လွှတ်ပေးထားရတဲ့ ကျော်ဝါးဘိုးဘုရားအနီးမှာတော့ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲနေထိုင်နေတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေထဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၉၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.