မော်လမြိုင် ၊ သြဂုတ် (၃၀)

နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်နေတဲ့ လုပ်ငန်းတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပေမယ့် ပြင်ပဒေါ်လာငွေ ဈေးကွက်ကို ထိန်းချုပ်ဖို့ မလွယ်ဘူးလို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။

အွန်လိုင်းကနေ နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်နေတဲ့ လုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ စည်းမျဉ်းတွေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဩဂုတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေမှုတွေ၊ အွန်လိုင်းကနေ တရားမဝင် နိုင်ငံခြားငွေတွေ ရောင်းဝယ်သူတွေအပေါ် ယုံကြည်ဆောင်ရွက်တာ မပြုလုပ်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စက်သုံးဆီတင်သွင်းသူတွေကို နိုင်ငံခြားငွေကြေး လွယ်ကူစွာရရှိနိုင်ဖို့ ဗဟိုဘဏ်က ဘဏ်တွေနဲ့ စက်သုံးဆီလုပ်ငန်းရှင်ကြီးတွေ ဆွေးနွေးဆောင်ရွက်နေပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပေးနေတဲ့ တခြားဆက်စပ်ဝန်ကြီးဌာနတွေနဲ့အတူ ထိန်းညှိပေးနေတယ်လို့ ဆိုပါတယ်။

စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးက စစ်ကောင်စီ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေတွေကို ချုပ်ကိုင်ထားပြီး ငွေလဲကောင်တာတွေမှာ ဝယ်ယူလို့ မရတဲ့အတွက် ပြင်ပဈေးကွက်မှာ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်နေတာမို့ ထိန်းချုပ်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး နိုင်ငံခြားငွေကြေး ထိန်းချုပ်မှုတွေ စတင်လုပ်ဆောင်လာသလို ငွေကြေးမူဝါဒနဲ့ ပတ်သက်တဲ့ အမိန့်ကြေညာချက်တွေကိုလည်း အမျိုးမျိုး ပြောင်းလဲ ထုတ်ပြန်နေတာ ဖြစ်ပါတယ်။

ငွေလဲလှယ်နှုန်း ရည်ညွန်းဈေးကိုလည်း အမေရိကန် တစ်ဒေါ်လာကို ၂၁၀၀ ကျပ် ပြောင်းလဲသတ်မှတ်လိုက်ပြီး ပြင်ပဒေါ်လာဈေးကွက်တွေမှာ တစ်ဒေါ်လာကို ၃၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့မှာ ဗဟိုဘဏ်က ဥက္ကဌကို တာဝန်ကနေ ထုတ်ပယ်လိုက်ပြီး ဒုဥက္ကဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ် ဥက္ကဌနေရာအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပေမယ့် လက်ရှိမှာတော့ စံချိန်တင်တက်နေတဲ့ ဒေါ်လာဈေးနှုန်းတွေကို မထိန်းချုပ်နိုင်သေးပါဘူး။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်တဲ့ လုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူမယ်လို့ သတိပေးထားပေမယ့် မည်သည့် ပုဒ်မတွေနဲ့ တရားစွဲ အရေးယူသွားမယ်ဆိုတာ ဖော်ပြထားတာ မရှိပါဘူး။

နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၈ ပါ ပြဌာန်းချက်မှာတော့ ‘မည်သူမျှ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခြင်း မပြုရ’ဆိုပြီး တားမြစ်ထားတာပါ။

အဲဒီ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားရင် သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ့်အပြင် သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်းဖို့ ဖော်ပြထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.