ကဘူးလ် ၊ သြဂုတ် (၃၀)

အာဖဂန်နစ္စတန်က အမေရိကန် မောင်းသူမဲ့လေယာဉ်တွေကို ပါကစ္စတန်ရဲ့လေပိုင်နက်ထဲ အသုံးပြုခွင့်ပေးထားကြောင်း တာလီဘန် ယာယီကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ဇူလိုင်လက ကဘူးလ်မှာ အယ်လ်ကိုင်ဒါခေါင်းဆောင် အိုင်မန်အယ်ဇဝါဟီရီ သေဆုံးခဲ့ရတဲ့ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု ဒါမှမဟုတ် အဆင့်မြင့်အချက်အလက်တွေမှာ ပါဝင်ပတ်သက်မှုကို ပါကစ္စတန်အာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။

အမေရိကန် မောင်းသူမဲ့ လေယာဉ်တွေဟာ ပါကစ္စတန်မှတစ်ဆင့် အာဖဂန်နစ္စတန်သို့ ဝင်ရောက်လာကြောင်း အာဖဂန်နစ္စတန် ယာယီကာကွယ်ရေးဝန်ကြီးက ကဘူးလ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

“ကျွန်တော်တို့ရဲ့ အချက်အလက်တွေအရ ဒရုန်းတွေဟာ ပါကစ္စတန်ကိုဖြတ်ပြီး အာဖဂန်နစ္စတန်ကို ဝင်ရောက်လာတာဖြစ်ပြီး သူတို့က ပါကစ္စတန်ရဲ့ ဝေဟင်ပိုင်နက်ကို အသုံးပြုပါတယ်၊ ငါတို့ကို တိုက်ခိုက်ဖို့ သင်တို့ရဲ့လေပိုင်နက်ကို အသုံးမပြုပါနဲ့လို့ ကျနော်တို့ ပါကစ္စတန်ကို မေးခဲ့ပါတယ်” ဆိုပြီး သူကပြောပါတယ်။ 

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ၎င်းနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက် တစ်စုံတစ်ရာတုန့်ပြန်ပြောဆိုခဲ့တာတော့ မရှိသေးပါဘူး။ 

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ၎င်းလေကြောင်းတိုက်ခိုက်မှုအပြီးမှာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ပါကစ္စတန်လေပိုင်နက်ကို အသုံးမပြုကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပြီး တနင်္ဂနွေနေ့က စွပ်စွဲမှုတွေအပြီးမှာ ပြန်စစ်ဆေးမယ်လို့ ပြောပေမယ့် အနေအထားကတော့ အတူတူပဲလို့ ဝန်ကြီးပြောပါတယ်။ 

“ဒီအချိန်ဟာ ဘယ်သူနဲ့မှ အပြန်အလှန်ငြင်းခုံနေတာတွေ စွပ်စွဲမှုတွေလုပ်ဖို့ စိတ်မဝင်စားပါဘူး၊ ပွင့်ပွင့်လင်းလင်းပြောရရင် ငါတို့တွေ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို အာရုံစိုက်နေပါတယ်” ဟု ဝန်ကြီးက ပါကစ္စတန်မှာ လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရေကြီးရေလျှံမှုတွေကို ရည်ညွှန်းပြီး အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာပါ။ 

“အာဖဂန်နစ္စတန်အစိုးရဟာ သူတို့ရဲ့ပြည်သူတွေကိုသာမက နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ သူတို့ရဲ့မြေတွေကို အကြမ်းဖက်သမားတွေအတွက် အသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့ ကတိပြုထားပါတယ်” ဆိုပြီဂ သူကဆက်လက်ပြောကြားခဲ့ပါတယ်။ 

“အာဖဂန်ဝန်ကြီးကိုယ်တိုင် အသိအမှတ်ပြုထားတဲ့ အထောက်အထားတစ်စုံတစ်ရာမရှိဘဲ ဒီလို ထင်မြင်ယူဆချက်တွေနဲ့ မှတ်ချက်တွေကို လေးလေးနက်နက် စိုးရိမ်ကြောင်းနှင့် အလွန်ဝမ်းနည်းစရာကောင်းပြီး တာဝန်သိ သံတမန်ပြုကျင့်မှု စံနှုန်းတွေကို ဖီဆန်ပါတယ်” ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

အာဖဂန်နစ္စတန်မှ အမေရိကန်ဦးဆောင်သောတပ်ဖွဲ့များ ဆုတ်ခွာရေးဆိုင်ရာ ၂၀၂၀ သဘောတူညီချက်ကို တာလီဘန်များက ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါသေးတယ်။ 

ဇူလိုင်လအတွင်းက လေကြောင်းတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေပြီး အယ်လ်ကိုင်ဒါခေါင်းဆောင်ရဲ့ ရုပ်အလောင်းကို ရှာမတွေ့ဘူးလို့ တာလီဘန်တွေက ပြောပါတယ်။ 

အာဖဂန် တာလီဘန်တို့က ပါကစ္စတန်နှင့် ပါကစ္စတန် တာလီဘန် စစ်သွေးကြွအဖွဲ့တို့ကြား စေ့စပ်ညှိနှိုင်းရေး ဆောင်ရွက်နေချိန်တွင် ယာယီနိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက်တွေဟာ အာဖဂန်နစ္စတန်နဲ့ ၄င်းတို့ အိမ်နီးချင်းကြား တင်းမာမှုကို ပိုမိုဆိုးရွားစေနိုင်တာပါ။ 

ပြင်းထန်တဲ့ စီးပွားရေးအကျပ်အတည်းကို ကြုံတွေ့နေရသည့် အာဖဂန်နစ္စတန်က ပါကစ္စတန်နှင့် ကုန်သွယ်မှုအပေါ်မှာလည်း မှီခိုနေရပါသေးတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.