ထားဝယ် ၊ သြဂုတ် (၃၀)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ထောင်ဒဏ်ပြစ်ဒဏ် အသီးသီး ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၃၀၀ နီးပါးထိ ရှိလာတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(DPPN) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေဟာ အနိမ့်ဆုံးပြစ်ဒဏ် ၂ နှစ်ကနေ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်ထိ ပါဝင်တာဖြစ်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံထားရသူ အများစုကတော့ အမှုပြီးပြတ်သွားပေမယ့် တချို့ကတော့ နောက်တိုးအမှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရ ဆဲဖြစ်ပါတယ်။

အမှုဆက်လက် ရင်ဆိုင်နေရဆဲသူတွေကို စစ်ကောင်စီက လူသတ်မှု၊ အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာကြောင့် သေဒဏ်တွေ ချမှတ်လာမှာကို စိုးရိမ်နေရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံရသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၁ ဦး၊ နိုင်ငံရေးအကျဉ်းသား ၈၀ ဦး၊ စုစုပေါင်း ၂၈၁ ဦးထိ ထောင်ဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထားဝယ်အကျဉ်းထောင်ထဲမှာ အမှုရင်ဆိုင်နေရသူ အကျဉ်းသား ၁၀၀ ဦးနဲ့ အကျဉ်းသူ ၃၀ နီးပါး ရှိသေးတယ်လို့ သိရပါတယ်။

ထားဝယ်အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံရတာ၊ ဆေးဝါးကုသခွင့် အပြည့်အဝမရတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက အခြားအကျဉ်းသားတွေနဲ့ စောင့်ကြပ်ထောက်လှမ်း ခိုင်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.