ဂျာကာတာ – ဩဂုတ်(၃၀) 

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကမ်းလွန်မှာ ပြင်းအား (၆.၁) ရှိတဲ့ ငလျင်တစ်ခု ဩဂုတ်လ (၂၉) ရက်နေ့မှာ လှုပ်ခတ်ခဲ့ပြီး တစ်ရက်တည်းမှာတတိယမြောက်လှုပ်ခတ်မှုဖြစ်တယ်လို့ နိုင်ငံရဲ့ ဘူမိရူပဗေဒအေဂျင်စီက ပြောဆိုထားပါတယ်။ 

ဆူမားတြားအနောက်ဘက်ကမ်းရိုးတန်းက မန်တာဝေ ကျွန်တွေမှာ မနက် (၁၀) နာရီခွဲမှာ လှုပ်ခတ်သွားတာဖြစ်ပြီး ဆူနာမီသတိပေးချက် မထုတ်ပြန်ထားဘူးလို့မိုးလေဝသနဲ့ ဘူမိရူပဗေဒအေဂျင်စီ (BMKG) ကဆိုထားတာပါ။ 

အေဂျင်စီက အစောပိုင်းမှာ ပြင်းအား (၆.၄) ရှိတယ်လို့ မှတ်တမ်းတင်ထားပေမယ့် (၆.၁) ကို ပြန်လည်ပြင်ဆင်ထားတာဖြစ်တယ်လို့ BMKG ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ 

ပြင်းအား (၆.၁) အဆင့်ရှိတဲ့ ငလျင်ဟာ ပြည်နယ်မြို့တော် ပန်ဒန်က မန်တာဝေကျွန်းတွေနဲ့ ဘူကီတင်ဂီတောင်တန်းဒေသတွေမှာ စက္ကန့်အတော်ကြာ ပြင်းထန်တဲ့ငလျင်လှုပ်ခတ်သွားတာ ဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ်အေဂျင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ငလျင်လှုပ်ခတ်မှုကြောင့် အသေအပျောက်စာရင်းကို အစီရင်ခံထားတာမရှိပေမယ့် ဆီဘီရွတ် ကျွန်းက အဆောက်အုံတွေ ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ကျွန်းမှာနေထိုင်သူတွေကို ကုန်မြင့်တွေမှာ ပြောင်းရွှေ့ထားပြီး ဘုရားကျာင်း၊ ကျောင်းနဲ့ ကျန်းမာရေးအဆောက်အုံအနည်းငယ်ပျက်ဆီးခဲ့တယ်လို့ ဒေသခံ သဘာဝဘေး အန္တရာယ် အရာရှိက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။ 

ပန်ဒန်မှာ ၂၀၀၉ ခုနှစ်ကလည်း ပြင်းအား (၇.၆) အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း (၁၁၀၀) ကျော်သေဆုံးထားသလို ဒဏ်ရာရရှိသူတွေလဲ အများအပြားရှိခဲ့ပါတယ်။ 

ဩဂုတ်လ(၂၉) ရက်နေ့ မနက်အစောပိုင်းက စပြီး ပြင်းအား(၅.၂) ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ် ခဲ့ကာ နောက်တစ်နာရီ မပြည့်ခင်မှာ ပြင်းအား (၅.၄) အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့ အတွက် ဆူမားတြားကျွန်းကမ်းလွန်မှာငလျင်လှုပ်ခတ်မှု တစ်ရက်တည်းသုံးကြိမ်ဖြစ်ပွား ခဲ့ပါတယ်။ 

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီကတော့ ပြည်သူတွေ အထိတ်တလန့်မဖြစ်စေဖို့နဲ့ နောက်ဆက်တွဲ ငလျင်ဖြစ်နိုင်ချေတွေနဲ့ ပတ်သက်ပြီး သတိပေးထားပါတယ်။ 

ကမ္ဘာပေါ်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်လှုပ်ခတ်မှုဘေးနဲ့ မကြာခဏ ရင်ဆိုင်နေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.