ပြုံယမ်း – ဩဂုတ်(၂၈)

ကိုဗစ်ကို အောင်နိုင်ပြီလို့ ကြေငြာပြီး နှစ်ပတ်အကြာမှာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံ နယ်နိမိတ်အနီးက ပြည်နယ်တစ်ခုမှာ ကိုဗစ်သံသယရှိသူလေးဦး တွေ့ခဲ့တယ်လို့ KCNA မှာဖော်ပြထားပါတယ်။ 

လက်ရှိအချိန်မှာတော့ သံသယလူနာတွေကို တွေ့ရှိထားတဲ့နေရာကို အသွားအလာကန့်သတ်ထား တယ်လို့ ဆိုထားပါတယ်။ 

“ဩဂုတ်လ ၂၄ ရက်နေ့တွင် ရယန်ဂန် ပြည်နယ်ရှိယူနစ်တစ်ခုတွင် ပြင်းထန်သောကူးစက်ရောဂါ  သံသရလူနာ လေး ဦးအထိ ရှိခဲ့သည်” လို့ ပြည်နယ်အရေးပေါ်ကူးစက်ရောဂါကာကွယ်ရေးဌာန ချုပ်ကို ကိုးကားပြီး KCNA မှာ ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားမှာ ပြီးခဲ့တဲ့ မေလက ကိုဗစ်ပထမဆုံးဖြစ်စဉ်ကို စတင်တွေ့ရှိပြီးနောက်ပိုင်း အရေးပေါ်အခြေအနေထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၉) ရက်နေ့တည်းက ရောဂါကူးစက်မှုဖြစ်ရပ်အသစ်ကို အစီရင်ခံတာမရှိပဲ ဩဂုတ်လ(၁၁) ရက်နေ့မှာတော့ ခေါင်းဆောင် ကင်ဂျုံအွန်းက ကိုဗစ်ကို အောင်မြင်ခဲ့ပြီလို့ ကြေငြာခဲ့တာပါ။ 

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျွမ်းကျင်သူတွေအပါအဝင် ပညာရှင်တွေက မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ပြောဆိုချက်ကို သံသယဝင်ခဲ့ကြပါတယ်။ 

လူဦးရေ(၂၅) သန်းရှိတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ သေဆုံးသူ (၇၄) ဦးရှိခဲ့တယ်လို့ KCNA က မကြုံစဖူးအံ့ဩဖွယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားဟာ သူတို့ရဲ့ ပိတ်ဆို့မှုတွေ၊ကြပ်မတ်စစ်ဆေးမှုတွေနဲ့ အားသာချက်ရှိတဲ့ ကိုရီးယားစတိုင် ဆိုရှယ်လစ်စနစ်လို့ ခေါ်ဝေါ်ခဲ့တဲ့ အောင်မြင်မှုတွေကို ကြွားဝါပြောဆို ထားပါတယ်။ 

သုံးသပ်သူတွေရဲ့ ပြောဆိုချက်တွေအရ မြောက်ကိုရီးယားဟာ ကိုဗစ်ကို လူမှုရေးထိန်းချုပ်မှုတွေ တင်းကြပ်ဖို့ အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုခဲ့တယ်လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် ၂၀၁၇ ခုနှစ်တည်းက ရပ်ဆိုင်းထားတဲ့ ပထမဆုံးနျူကလီးယားစမ်းသပ်မှုကို ပြန်လည် စတင်နိုင်ဖို့အတွက် ကိုဗစ်အောင်ပွဲကို ကြေငြာလိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

Ref: CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.