မော်စကို ၊ သြဂုတ် (၂၇)

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်းရဲ့ စစ်တပ်အရွယ်အစားကို သိသိသာသာ တိုးမြှင့်ဖို့ အမိန့်ပေးခဲ့ပါတယ်။

 အခုလုပ်ရပ်ဟာ ကရင်မလင်ရဲ့ နှစ်ပေါင်းများစွာ ဖောင်းပွနေတဲ့စစ်အင်အားကို လျော့ချရန် ကြိုးပမ်းမှုအား ပြောင်းလဲခဲ့တာဖြစ်ပြီး ယူကရိန်းမှာ ကာလကြာရှည်စွာ စစ်ပွဲကို ဆင်နွှဲနေတဲ့ စစ်မြေပြင်မှာ ပြင်းထန်စွာ ဆုံးရှုံးမှုများခဲ့တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ 

ရုရှားသမ္မတပူတင်က လက်မှတ်ရေးထိုးပြီး ကရင်မလင်ဝက်ဘ်ဆိုက်မှာ တင်ထားသော အဆိုပါ အမိန့်ဟာ လာမည့်နှစ် ဇန်နဝါရီလအထိ တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ဝင်ဦးရေ (၁၃၇၀၀၀) ခန့်မှ (၁.၁၅) သန်းအထိ လူဦးရေတိုးမြင့်ဖို့နှင့် အစိုးရအား ထောက်ပံ့ငွေကြေးများ ဖယ်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ 

ထိုကဲ့သို့ သိသိသာသာ တိုးမြင့်လာမှုကို မည်သို့စီမံခန့်ခွဲမည်ဆိုတာနှင့်ပတ်သက်ပြီး စစ်ရေး လေ့လာသုံးသပ်သူများ အံ့သြနေကြပါတယ်။ 

ရုရှား လက်နက်ကိုင် တပ်ဖွဲ့ အရေအတွက်အား အလုံးစုံပြောင်းလဲဖို့ ရုရှားသမ္မတ ပူတင်က ငါးနှစ်အတွင်း ပထမဆုံးအကြိမ် အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူများက အဆိုပါအပြောင်းအလဲအတွက် ရှင်းလင်းချက်မပေးဘဲ အစိုးရပိုင် ရုပ်မြင်သံကြားမှာ ဖော်ပြမှု အနည်းငယ်သာ ရှိခဲ့ပါတယ်။ 

ပူတင်ရဲ့ ယူကရိန်းကို ကျူးကျော်စစ်အတွင်း ရုရှားဟာ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုအပါအဝင် အသေအပျောက် (၈၀၀၀၀) အထိ ရှိခဲ့ကြောင်း အမေရိကန်စစ်ဘက်အရာရှိတွေ ခန့်မှန်းထားပါတယ်။ 

ခြောက်လကြာ တိုက်ပွဲများအပြီးမှာ ပူတင်က နောက်ဆုတ်ရန် အစီအစဉ်မရှိကြောင်း ထင်ရှားသော အချက်ပြမှုအဖြစ် လေ့လာသုံးသပ်သူအချို့က ဖော်ပြခဲ့ကြပါသေးတယ်။ 

“စစ်ပွဲကို အမြန်အဆုံးသတ်ဖို့ မျှော်လင့်နေချိန်မှာ ဒါက လုပ်ရမယ့် လှုပ်ရှားမှုတစ်ခုမဟုတ်ဘူး၊ ရှည်လျားသောပဋိပက္ခဘဲ” လို့ RAND Corp မှ အကြီးတန်း မူဝါဒရေးရာသုတေသီ ဒါရာက မှတ်ချက်ပြုပါတယ်။ 

ယူကရိန်းစစ်ပွဲက လာမည့်ဆောင်းရာသီကို ကျော်လွန်သွားနိုင်တဲ့ အထောက်အထားတွေလည်း ရှိနေပါတယ်။ 

အရှေ့ဘက်နှင့် တောင်ဘက်တို့မှာ ရုရှားရဲ့ ထိုးစစ်တွေက တိုးလျှိုးနှေးကွေးသွားခဲ့ပြီး စေ့စပ်ညှိနှိုင်းရန် သို့မဟုတ် အပေးအယူလုပ်ရန် အဆင်သင့်မဖြစ်သေးဘဲ ရရှားက ကိယက်ဗ်အစိုးရကို ဖြုတ်ချဖို့နဲ့ ယူကရိန်းပိုင်နက် အများအပြားကို သိမ်းယူဖို့ ရည်မှန်းထားပုံ ရပါတယ်။  

Rer:The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.