ဘားအံ ၊ သြဂုတ် (၂၃)

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အခုနောက်ပိုင်းကာလတွေမှာ အကူအညီရရှိမှု နည်းပါးလာတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကရင်လူမှုအဖွဲ့အစည်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ခရိုင်ခြောက်ခရိုင်မှာ တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ သုံးသိန်းခွဲကျော်ထိ ရှိလာပြီး စစ်ဘေးရှောင်တွေရဲ့လိုအပ်ချက်တွေအတွက် ကေအဲန်ယူအပါအဝင် လူမှုအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီထောက်ပံ့တာတွေ လုပ်ဆောင်နေတာပါ။

ဒါပေမယ့် တိုက်ပွဲစတင်ဖြစ်ပွားစဉ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ကူညီမှုတွေဟာ လုံလုံလောက်လောက် ရှိခဲ့ပေမယ့် လတွေကြာလာတာနဲ့အမျှ အကူအညီတွေ သိပ်မလာကြတော့ဘူးလို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစဖြစ်တုန်းက လုံလုံလောက်လောက်ရှိတယ်။ လတွေကြာလာတော့ အကူအညီတွေက မလာတော့ဘူး ။ လောလောဆယ်တော့ တစ်လအတွက်တော့ ကူညီပေးနိုင်တယ်။ နောက်လတွေကျတော့ မပြောတတ်တော့ဘူး” လို့ ဆိုပါတယ်။

ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေထဲက စစ်ရှောင်ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကာလတွေ ရှည်ကြာလာတာနဲ့အမျှ အခြေခံစားနှပ်ရိက္ခာတွေ အပါအဝင် ဆေးဝါးတွေကအစ မလုံလောက်မှုတွေနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ကြိုးပမ်းဆောင်ရွက်ပေးနေပေမယ့် အားလုံးကို မလွှမ်းခြုံနိုင်ဘူးလို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN) ပြောခွင့်ရ စောလေးကပေါ်က ဆိုပါတယ်။

“ အချို့ကတော့ ရွာပြန်ကြတယ်။ ဒါပေမယ့် အသက်မွေးဝမ်းကြောင်း ဘာမှလုပ်လို့ မရဘူး။ အခုက သူတို့စားလောက်ရုံပဲ လိုအပ်ချိန်မှပဲ ထောက်ပံ့ပေးနေတယ်။ အကုန်လုံးကိုတော့ ကောင်းကောင်းမွန်မွန် မလွှမ်းခြုံနိုင်သေးဘူး” လို့ ဆိုပါတယ်။

ကေအဲန်ယူ အုပ်ချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေတာကြောင့် စစ်ဘေးရှောင်အရေအတွက်ဟာ အရင်ကထက်ပိုမိုများပြားလာခဲ့ပြီး ၄င်းတို့အတွက် လူသားချင်းစာနာမှုအကူအညီတွေ ပိုမို လိုအပ်လာတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ကတော့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးလိုတဲ့ ဘယ်အဖွဲ့အစည်း ဘယ်လူပုဂ္ဂိုလ်မဆို လက်ကမ်းကြိုဆိုလျက်ရှိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.