သထုံ ၊ သြဂုတ် (၂၃)

မွန်ပြည်နယ်၊ သထုံခရိုင်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း အထွေထွေအကြပ်အတည်းကြောင့် ကမ်းနီးငါးဖမ်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် လုပ်ငန်း ရပ်နားလိုက်ရပြီးလို့ ငါးဖမ်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ်းနီးငါးဖမ်းလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း စက်သုံဆီးဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ငါးဖမ်းဆက်စပ်ပစ္စည်း ဈေးနှုန်း ကြီးမြင့်လာတာနဲ့ ငါးရရှိမှု သိသိသာသာ ကျဆင်းလာတဲ့အတွက် လုပ်ငန်းတွေ ရပ်နားလာကြတာ ဖြစ်ပါတယ်။

“အရင်က လှေတစ်ခေါက်ဆင်းလို့ ကုန်ကျစရိတ်က ငါးသိန်းလောက်နဲ့ဆင်းလို့ရတယ်၊ အခုက ၁၀ သိန်း ၁၂ သိန်းထိ ကုန်တယ်၊ လှေတစ်ခေါက်ပြန်တက်လာရင်လည်း ၁၀ သိန်းတောင်မရချင်ဘူး၊ အခေါက်တိုင်းလိုလို ရှုံးနေတော့ ရေရှည်မလုပ်နိုင်လို့ ရပ်ထားရတယ်”လို့ ငါးဖမ်းလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီစစ်အရေးယူတာတွေ မရှိတော့တဲ့အတွက် ကမ်းနီးကမ်းဝေးတွေမှာ တရားမဝင် ငါးဖမ်းဆီးမှုတွေ ဖြစ်တဲ့ ဆေးချဖမ်းဆီးတာနဲ့ ခွင့်မပြုထားတဲ့ ပိုက်တွေနဲ့ ငါးဖမ်းတာတွေ တိုးများလာတဲ့အတွက် ငါးသယံဇာတ ရှားပါးလာတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ဆိုကြပါတယ်။

တဖက်မှာတော့ ကမ်းနီးငါးဖမ်းလုပ်ငန်းတွေဟာ ရရှိလာတဲ့ ငါးတွေကို ပြည်ပတင်ပို့ချိန်မှာ ထင်သလောက် ဈေးကောင်းမရဘဲ ဈေးနှိမ်ခံရတဲ့ အခြေနေတွေကိုလည်း ကြုံနေရပါတယ်။

ကမ်းနီးငါးဖမ်းလုပ်ငန်း ရပ်နားလိုက်ရတဲ့အတွက် အဲဒီလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မိသားစုတွေကလည်း ကြုံရာလုပ်ကိုင်နေကြသလို အများစုကတော့ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်ပြီး သွားရောက် အလုပ်လုပ်ကိုင်လာကြတယ်လို့ ဆိုပါတယ်။

သထုံခရိုင်ထဲမှာတော့ ကမ်းနီးငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူ ၄၀၀ ထက်မနည်း ရှိနေတာ ဖြစ်ပြီး အဲဒီလုပ်ငန်းအပေါ် မှီခိုနေရတဲ့ အလုပ်သမား ထောင်နဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.