ဒီးမော့ဆို ၊ သြဂုတ် (၂၃)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ခြေတော်ရာဘုရားတောင်အနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က သြဂုတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့က ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာနဲ့ ဒီးမော့ဆိုမြို့ဘက်ကနေ စစ်ကြောင်း နှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့သလို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲဘော် တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် သြဂုတ် ၂၀ ရက်နေ့ကလည်း ဖရူဆိုမြို့ကနေ ထီးကလူဒေါကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ တပ်မတော် (KA) နဲ့ KNDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်က အထိနာပြီး ဆုတ်ခွာသွားတာကြောင့် ခဲယမ်းအချို့နဲ့ဆက်သွယ်ရေးပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ သြဂုတ်လ တတိယအပတ်အတွင်းမှာ ဖရူဆိုမြို့နဲ့လွိုင်ကော်မြို့နယ်တို့ကနေတဆင့် ဒီးမော့ဆိုမြို့နယ်ထဲကို တပ်အင်အားအများအပြားနဲ့ အပြင်းအထန် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံးတာတွေလည်း ရှိလာခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.