ရန်ကုန် ၊ သြဂုတ် (၂၂)

အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံမှုကလည်း မြန်မာ့ငြိမ်းချမ်းရေးအတွက် အလုပ်ဖြစ်မှာ မဟုတ်သလို တိုက်ပွဲမဖြစ်အောင် ထိန်းထားတဲ့ သဘောသာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ အခုလအတွင်း အုပ်စုဖွဲ့ ထပ်မံတွေ့ဆုံဖို့နဲ့ အားလုံးတွေ့ဆုံပြီးပါက စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့မှာ ပြောဆိုထားတာပါ။

အခုအခါမှာတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း သုံးဖွဲ့ဟာ ဩဂုတ် ၂၂ ရက်နေ့မှာ စစ်ကောင်စီနဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးနေပြီး ဖြစ်ပါတယ်။

အဲဒီသုံးဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်နဲ့ဇူလိုင်လအတွင်းက စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံမှုကလည်း မြန်မာ့ငြိမ်းချမ်းရေးအတွက် အလုပ်ဖြစ်မှာ မဟုတ်သလို စစ်ကောင်စီက သူတို့နဲ့ တိုက်ပွဲမဖြစ်အောင် ထိန်းထားတဲ့ သဘောသာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

“ဒီလိုအဖွဲ့တွေနဲ့ ဆွေးနွေးလို့ကတော့ ဘာမှ မထူးခြားဘူး။သို့သော် သူတို့ရဲ့ ဒေသဆိုင်ရာ အကျိုးစီးပွားတွေ ထိန်းသိမ်းဖို့အတွက် မင်းအောင်လှိုင်ဆီက အခွင့်အရေးတောင်းမယ်။ မင်းအောင်လှိုင်ကလည်း ဒီအဖွဲ့တွေ လက်နက်ကိုင်တိုက်နေတဲ့ EAOs တွေဘက် ပါမသွားရေးအတွက် ထိန်းထားတဲ့ သဘောလောက်ပဲ ရှိတယ်။ဒါကြောင့်မို့ ဒီသုံးဖွဲ့နဲ့ တွေ့ဆုံမှုကနေ ထူးခြားတဲ့ ငြိမ်းချမ်းရေးအတွက် အကျိုးပြုနိုင်တဲ့ ဆုံးဖြတ်ချက်နဲ့ အလားလာ မရှိနိုင်ဘူးလို့ သဘောပေါက် ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အဖွဲ့တွေဟာ သူတို့နဲ့ တိုက်ပွဲ ဖြစ်ပွားမှု မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တာကြောင့် ငြိမ်းချမ်းရေးနွေးရင်လည်း ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ အခုဒုတိယအကြိမ် ဆွေးနွေးရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်း တွေရဲ့ နိုင်ငံရေးလိုလားချက်နဲ့ အနာဂတ်လုပ်ငန်းစဉ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ညှိနှိုင်းဖို့ လမ်းဖွင့်ထားတယ်လို့ ဆိုထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ စစ်ကောင်စီပေးတဲ့ ကတိတွေနဲ့ အာမခံချက်တွေဟာ ဘယ်လောက်အထိ ယုံရမလဲဆိုတာ အသေအချာ နားလည်ဖို့ လိုအပ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“လက်ရှိ မြေပြင်မှာ ဖြစ်နေတဲ့ အနေအထားနဲ့ သူပြောနေတဲ့ အထူးသဖြင့် သတင်းတွေကနေ သူတို့ ထုတ်လွှင့်နေတဲ့ဟာ ကွဲလွဲမှုရှိနေတယ်။အဲဒီအတွက်ကြောင့်မို့ အမှန်အတိုင်း ပြောရဲလားဆိုတာ နားလည်ဖို့ လိုတယ်။သူ့အနေနဲ့ (စကစ) ပြုတဲ့ ကတိက အဖွဲ့အစည်းတစ်ခုချင်းစီကို ဘယ်လိုကတိတွေ ပေးနေလဲ၊ ဘယ်လိုမျိုး အာမခံချက်တွေ ပေးလဲဆိုတာ ကျွန်တော်တို့ အသေအချာ နားလည်ဖို့ လိုတယ်။ အဲဒီ အာမခံချက်တွေက ဘယ်လောက်ထိ ယုံရမလဲ။ စစ်ကောင်စီနဲ့ ပတ်သက်ပြီးတော့ ယုံကြည်စရာ ဘယ်လောက်ထိ အနေအထားရှိနေလဲ၊ ဘယ်လောက်အာမခံနိုင်လဲဆိုတာ သေချာ နားလည်ဖို့ လိုလိမ့်မယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးစဉ် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းကြဖို့ သဘောတူညီခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ပြောရေးဆိုခွင့်ရှိသူတွေကို သံလွင်တိုင်းမ်က ငါးကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၂၀၂၂ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာ တွေ့ဆုံစဥ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.