မော်လမြိုင် – ဩဂုတ်(၂၂)

LDU အမည်ကို အသုံးပြုပြီး စစ်ကောင်စီကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အဖွဲ့ဟာ တရားမဝင်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့ လားဟူလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး က အသိပေးထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ ဒုတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဥက္ကဌကျာဆော်လမွန် ဦးဆောင်တဲ့ကိုယ်စားလှ​ယ်အဖွဲ့ဟာ LDU အဖွဲ့ကို ကိုယ်စားပြုတာမဟုတ်ပဲ အလွဲသုံးစားလုပ်တာသာ ဖြစ်တယ်လို့ ဆိုထားတာပါ။

LDU ဟာ လားဟူလူမျိုးတွေအတွက် တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိနိုင်ဖို့ အာဏာရှင် ကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့အတွက်ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့တွေ့ခဲ့တဲ့ ဥက္ကဌကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ကို LDU အမည်ကို အလွဲသုံးစား မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးထုတ်ပြန်ထားပေမယ့် ထပ်မံအသုံးပြုနေတဲ့အတွက် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဥက္ကဌကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့က အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ LDU အမည်ကို အသုံးပြုထားပါသေးတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လားဟူအမျိုးတွေတွေအတွက် စည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်တံ့ တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေးရှုတာမရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေတဲ့အတွက် ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကို ၁၉၃၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ လားဟူလက်နက် ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်ပြီး ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.