ဂန့်ဂေါ – ဩဂုတ်(၂၂)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် လူနေအိမ်တွေထိခိုက်ပျက်ဆီးခဲ့သလို အဲ့ဒီစစ်ကြောင်းက ပြည်သူ(၁၅) ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ CDF KKG Battlian-5 Gangaw Region က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူ (၁၅) ဦးဟာ အောင်မြင်ရွာ သားတွေဖြစ်ပြီး သူတို့တွေကို မြစ်သာဆည်ကို ဖြတ်ပြေးစေခဲ့တာပါ။

“အခြေနေအသေးစိတ်တော့မသိရသေးဘူး။ မနေ့ကလည်း ရွာသားတွေပြေးရသေးတယ်။ ဒီနေ့ထပ်တိုးတာပေါ့။ ဆည်ပေါ်ကလာတဲ့စစ်ကြောင်းလို့သိရတယ်။” လို့ ဂန့်ဂေါဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် အင်အား(၁၀၀) နီးပါးရှိတဲ့ အဲ့ဒီစစ်ကြောင်းဟာ PDF-Gangaw တပ်ခွဲ(၁၂) ရဲ့ စခန်းနဲ့ ရိက္ခာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း PDF-Gangaw တောင်ပိုင်းက ထုတ်ပြန်ထားပါသေး တယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၁) ရက်နေ့ကလည်း အင်အား (၇၀) ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ စံပယ်၊ကနန်း၊စင်ပုံ၊ယင်းမာ ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ခဲ့တဲ့အတွက် အသက်(၈၀) အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ရသလို ရွာထဲက ပြည်သူပိုင်နွားတွေကို သတ်ဖြတ်စားသောက်ခဲ့ကြ တယ်လို့ သိရပါတယ်။

မကွေးတိုင်း ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်ကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဇူလိုင်လထဲက လေကြောင်းကစတင်တိုက်ခိုက်ခဲ့ကာ မြေပြင်မှာလဲ သာလွန်အင်အားတွေနဲ့ စစ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူတာ တွေလုပ်ဆောင်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းမှာ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ ဖျက်ဆီးတာတွေလုပ်ဆောင်နေသလို ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပုံမှန်လုပ်ဆောင် နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.