မြဝတီ ၊ သြဂုတ် (၁၉)

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီ လက်အောက်ခံ BGF တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် စစ်ကောင်စီက မြဝတီကုန်သွယ်ရေးဇုန်ကို ယာယီပိတ်သိမ်းလိုက်တယ်လို့ ကုန်သွယ်ရေးဇုန် ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားတပ် BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ဟာ သြဂုတ် ၁၈ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ကော့ကရိတ်မြို့နယ် ဒေါနတောင်နဲ့ တောင်သုံးလုံးဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲဟာ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စက်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ မြဝတီကုန်သွယ်ရေဇုန်အထိ ကူးစက်လာနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက ကုန်သွယ်ရေးဇုန်ကို ယာယီပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးဇုန် ဒေသခံတစ်ဦးက နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ကုန်သွယ်ရေးဇုန်ထဲက ကားတွေနဲ့ အေးဂျင့်တွေကိုလည်း အမြန်ဆုံး ဖယ်ရှားကြဖို့ သတိပေးထားတဲ့အတွက် အားလုံး ပြောင်းရွှေ့ကုန်ပြီး အခုဘယ်သူမှ မရှိတော့ဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ မြဝတီကုန်သွယ်ရေးဇုန်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ ဝန်ထမ်းတချို့ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

ကုန်သည်တွေကတော့ ကုန်သွယ်ရေးဇုန် ပိတ်လိုက်ရတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးမှု ရပ်တန့်သွားပြီးလို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံဟာ မြဝတီ နယ်စပ်ကတဆင့် ထိုင်းနိုင်ငံထဲကို ပြောင်း အပါအဝင် စိုက်ပျိုးရေး ထွက်ပစ္စည်းတွေကို တင်ပို့နေတာ ဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကတော့ မြန်မာနိုင်ငံထဲကို အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းနဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်း ပစ္စည်းတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.