မော်လမြိုင် ၊ သြဂုတ် (၁၈)

မွန်ပြည်နယ်မှာ စက်သုံးဆီ အလွယ်တကူ ဝယ်ယူလို့ မရတာနဲ့ စစ်ကောင်စီရဲ့ တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ပြေးဆွဲမှု ထပ်မံ ရပ်နားလာကြတယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ လိုသလောက် ဝယ်ယူလို့ မရတာတွေနဲ့အတူ စစ်ကောင်စီရဲ့ ကုန်ပစ္စည်းတင်ဆောင်ခွင့် ကန့်သတ်ချက်တွေကြောင့် ယာဉ်လိုင်းပြေးဆွဲမှု ရပ်နားလာကြတာ ဖြစ်ပါတယ်။

တဖက်မှာတော့ အဝေးပြေးယာဉ်လိုင်းတွေဟာ ခရီးသည်နဲ့ ကုန်ပစ္စည်း ရရှိမှုနည်းပါးလာတဲ့အတွက် ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ရှိလာခဲ့တာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ ကျွန်တော်တို့လည်း ရေရှည်အတွက် ကြည့်ရရင် ဒီတိုင်းဆက်တက်နေမယ်ဆိုရင် မခံစားနိုင်တော့ဘူး ။ ရပ်ရတော့မှာပဲ။ ဆီတစ်ခုတည်း မဟုတ်ဘဲ စစ်ကောင်စီက အဖက်ဖက်ကနေ ဝိုင်းကျပ်ပြီး အမိန့်အာဏာတစ်ခုနဲ့ မရပ်ခိုင်းရုံပဲ ရှိတော့တယ်” လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် အဝေးပြေးယာဉ်လိုင်းတွေဟာ ကားအစီးအရေ အကန့်အသတ်နဲ့ ပြေးဆွဲလာကြသလို တချို့ယာဉ်လိုင်းတွေကတော့ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့အတွက် ယာဉ်လိုင်းပြေးဆွဲမှု ရပ်နားလာကြတာပါ။

အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင် တစ်ဦးကလည်း စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာအပြင် ဝယ်ယူဖို့ ပိုမိုခက်ခဲလာမယ်ဆိုရင် ယာဉ်လိုင်းပြေးဆွဲမှု ထပ်မံလျှော့ချသွားမယ်လို့ ပြောပါတယ်။

“ ဆီကတော့ လိုသလောက်တော့ ဥပမာ သူတို့ရောင်းတယ် ဆိုရင်တောင် လိုသလောက်တော့ ကျွန်တော်တို့ ထည့်လို့ မရဘူး၊ ထည့်လို့ မရဘူး ဆိုတော့ ကျွန်တော်တို့ ကားတစ်စီးက ဟိုနေရာမှာ (၅)သောင်းဖိုးထည့် ဒီနေရာမှာ (၁)သိန်းဖိုး ထည့်နဲ့ အဲ့လိုမျိုးတွေ ထည့်ထည့်ပြီးတော့ သွားနေရတယ်၊ လမ်းကြောင်းမှာတော့ တောက်လျှောက် ထည့်နေရတာပေါ့၊ တစ်ခါတည်းကို ရန်ကုန်က ထွက်လာဖို့ တစ်ခါတည်းကို (၂)သိန်းဖိုးဆို (၂)သိန်းဖိုး ထည့်လို့ မရဘူး၊ ကြန့်ကြာမှုရှိတယ်၊ အဆင်ကတော့ မပြေဘူး၊ မပြေဘူးဆိုတာ ကုန်ဈေးနှုန်းကလည်း တက်တယ် ဆီဈေးကလည်း တက်တယ်ဆိုတော့ အဲ့ဒီ အနေအထားလေးမှာ တန်ဆာတွေလည်း တိုးကောက်လို့ မရဘူး၊ ခရီးသည်တွေကလည်း လက်မှတ်ခလည်း တိုးကောက်လို့ မရတဲ့ အတွက် အကြိမ် လျော့ချ ထားလိုက်တယ် ခင်ဗျာ၊ အခုလောလောဆယ်တော့ (၄)ကြိမ်ကနေ (၂)ကြိမ် လျော့ချထားတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ မော်လမြိုင်ကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်း ၇၀ ထက်မနည်း ရှိနေတာ ဖြစ်ပြီး အဲဒီလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေရတဲ့ အလုပ်သမား ထောင်နဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ဆက်လက်ရပ်တည်ဖို့ အခက်ကြုံနေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.