ဂျာကာတာ – ဩဂုတ်(၁၇) 

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သူ့နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ အဆင့် အတန်းကို ချီးကျုးပြောဆိုထားပြီး ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ငြိမ်းချမ်းရေးအတွက် တံတား တစ်စင်း အဖြစ်ရှိနေဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။ 

ဒီနှစ်ရဲ့ G-20 ခေါင်းဆောင်အဖြစ်လူသိများတဲ့ အင်ဒိုသမ္မတ ဂျိုကိုဝီဟာ နိုင်ငံခြားရေးအခန်း ကဏ္ဍမှာ ပိုမိုတက်ကြွစွာ ပါဝင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်မှုရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ ဆိုတာ ညွှန်ပြနေတာဖြစ်တယ်လို့ သူကပြောဆိုခဲ့တာပါ။ 

“၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ဖိုရမ်တစ်ခုဖြစ်တဲ့ (G20) ရဲ့ ဥက္ကဌနေရာကို ယူခဲ့ပါတယ်၊ လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ရယူသွားမှာပါ” လို့ အင်ဒိုနီးရှားနိုင်င့ရဲ့ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား မကျင်းမီ တစ်ရက်အလို နှစ်စဉ်နိုင်ငံတော်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဇွန်လနှောင်းပိုင်းမှာ စစ်ပွဲအတွက် ငြိမ်းချမ်းရေး အဖြေကို ရှာဖွေဖို့နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအကြပ် အတည်းကို ဖြေလျှော့ဖို့ သံတမန်ရေးရာ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းနဲ့ ရုရှား တို့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ကိယက်ဗ်နဲ့ မော်စကို မြို့တွေကို သွားရောက်ခဲ့ပြီးအင်ဒိုနီးရှား ကို နှစ်နိုင်ငံကြား သံတမန်တံတားအဖြစ် လက်ခံလိုက်ပြီး ဒီလိုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးအာရှခေါင်း ဆောင်အဖြစ် အသိအမှတ်ပြုခံရတာဖြစ်ပါတယ်။ 

နိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေဟာ မတည်ငြိမ်တဲ့ ကမ္ဘာ့စီးပွားရေးမှာ အားကောင်းနေဆဲ ဖြစ်ပြီး ငွေကြေးဖောင်းပွမှုမှာ (၄.၉)ရာခိုင်နှုန်းနဲ့ ၂၀၂၂ ခုနှစ် ဒုတိယသုံးလပတ်မှာ စီးပွားရေး တိုးတက်မှုနှုန်း(၅.၄) ရာခိုင်နှုန်းအထိရှိနေတယ်လို့ ဂျိုကိုဝီက နိုင်ငံတော်မိန့်ခွန်းမှာ ပြောဆို ထားပါတယ်။ 

ကပ်ရောဂါဖြစ်ပွားမှု လျော့နည်းလာတာနဲ့အမျှ ဒီနှစ်မှာ ရောဂါကူးသက်မှုအရေအတွက်ဟာ နည်းပါးလာပြီး ဂျိုကိုဝီဟာ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး စီးပွားရေးတိုးတက်မှုနဲ့ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် သူရဲ့ ဦးစားပေးလုပ်ငန်းတွေကို ပြန်လည် အာရုံစိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ကို ဘော်နီယိုကို ပြောင်းရွှေ့သတ်မှတ်ဖို့ ဥပဒေတစ်ရပ်ကို ပါလီမန်မှာ ဒီနှစ်အစောပိုင်းက အတည်ပြုထားပါသေးတယ်။ 

စူမားတြားအနီးက ဘန်ကာကျွန်းတွေက ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဂျိုကိုဝီဟာ စိမ်းလန်း တဲ့အနာဂတ်ကို ကိုယ်စားပြုတယ်လို့ သူ့ရဲ့ ကိုယ်ရေးအရာရှိက ပြောဆိုထားပြီး သူ့ရဲ့ ဒုတိယနဲ့ နောက်ဆုံးသက်တမ်းဟာ  ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.