မော်လမြိုင် – ဩဂုတ်(၁၇)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စနိုလင်းဟေဇာ ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ စစ်ကောင်စီရဲ့ မသေရုံတမယ်ဖြစ်နေတဲ့အာဏာကို အသက်ဆက်ပေးရုံ သက်သက်ရောက်လာတာ မဖြစ်စေချင်ဘူးလို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) ရဲ့ ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကိုပြောပါ တယ်။

မစ္စနိုလင်းဟေဇာ မြန်မာနိုင်ငံကို ဩဂုတ်လ(၁၆) ရက်နေ့မှဦ ရောက်ရှိလာတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားတာပါ။

“စစ်ကောင်စီရဲ့ သွေးစွန်းနေတဲ့လက်ကိုလက်စွဲနှုတ်ဆက်ရုံသက်သက် စစ်တပ်ရဲ့ မသေရုံတမယ် ဖြစ်နေတဲ့အာဏာကို အသက်ဆက်ပေးရုံသက်သက်နဲ့ ရောက်လာတာတော့မဖြစ်စေချင်ပါဘူး။ မြန်မာပြည်ရဲ့ ဒီမိုကရေစီအတွက်တကယ်ရည်ညွှန်းပြီးရောက်လာတာမျိုးပဲဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့လိုပါတယ်” လို့ GSCB ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာလွမ်းဝေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက လုပ်ဆောင်နေတဲ့ ရက်စက်မှုတွေ၊ သွေးစွန်းမှုတွေနဲ့ ပြည်သူတွေ ဒုက္ခရောက် နေတဲ့ အားလုံးရဲ့ တရားခံဟာ သူတို့တွေဖြစ်တဲ့အတွက် တရားခံတွေကို တွေ့ဆုံပြီး ဒီကိစ္စအတွက် တာဝန်ခံရမယ်ဆိုပြီး ပြောဆိုတာတွေနဲ့ ဒီလိုအပြုအမှုတွေအတွက် ပြင်းပြင်းထန်ထန် သတိပေး သင့်တယ်လို့ သူက ပြောပါသေးတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေနဲ့ စစ်အုပ်စုကို အသိအမှတ်ပြုတဲ့ ပုံစံလိုမျိုး တွေ့ဆုံရင် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ပြည်သူတွေရဲ့ ဆန္ဒနဲ့ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံ သင့်တယ်လို့ GSCB က တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့ အာဆီယံ၊ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေရဲ့ တိုက်တွန်း တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ တွေကို ထောင်တွင်း ကြိုးပေး ကွပ်မျက်မှုတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ခေါင်းဆောင်တွေကို မတရားတဲ့ ထောင်ဒဏ်တွေချမှတ်နေတယ်လို့ GSCB ရဲ့ဩဂုတ်လ(၁၆) ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် မစ္စနိုလင်းဟေဇာအနေနဲ့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်း ရပ်တန့်ဖို့၊ စစ်အုပ်စုက လေယာဉ်၊လက်နက်ကြီးတွေအသုံးပြုပြီးသာလွန်အင်အားနဲ့ ထိုးစစ်ဆင် နေမှုတွေကို ရပ်တန့်ဖို့၊ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ ချက်ချင်း လွတ် မြောက်စေဖို့နဲ့ လိုအပ်နေသူအားလုံးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို NUG အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကတဆင့် ပံ့ပိုးကူညီနိုင်ရေးကိစ္စရပ်တွေကို အမြန်ဆုံး စီမံဆောင်ရွက်ဖို့ လည်းဆိုထားပါတယ်။

မစ္စနိုလင်ဟေဇာဟာ ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလက စတင်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ်မြန်မာနိုင်ငံကိုလာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.