ချောင်းဆုံ ၊ ဩဂုတ် ၁၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကဒါနဲ့ကလော့ကျေးရွာမှာ ဩဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းက တောင်မြေပြိုတာကြောင့် လူနေအိမ် (၆)လုံးနဲ့ အုပ်ချုပ်ရေးမှူးရုံး (၁)ရုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ကဒါကျေးရွာမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်မြေပြိုကျတဲ့အတွက် နေအိမ် (၂)လုံး ထိခိုက် ပျက်စီး သွားသလို တောင်မြေတွေ လမ်းပေါ် ကျရောက်တာကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ကဒါမှာက ည(၁၂)နာရီ ကျော်လောက် ကတည်းက မြေပြိုတာ ပေါ့နော်၊ လူကတော့ မထိဘူး၊ သူတို့က မြေပြို နိုင်တာကို သိလို့ ကြိုပြီး ရွေ့ထားကြတယ်လို့တော့ ပြောတယ်၊ အိမ်ကတော့ (၂)လုံးပဲ ထိခိုက်သွားတာ ပေါ့နော်၊ သစ်အိမ်က မြေပြိုတဲ့ အရှိန်ကြောင့် ယိုင်သွားတယ်၊ တိုက်အိမ်ကတော့ မြေပိတာတွေ ဘာတွေတော့ ရှိတာပေါ့”လို့ သူက ဆိုပါတယ်။

ကဒါကျေးရွာမှာ တောင်မြေ ပြိုကျမှု ဖြစ်ပေါ်ပြီးနောက် ထိခိုက်သွားတဲ့ နေအိမ် အပါအဝင် အနီးအနားရှိ နေအိမ် (၁၅)လုံးနီးပါးကို ဘေးလွတ်ရာ ဆွေမျိုးနီးစပ် အိမ်တွေကို ရွေ့ပြောင်းပေးထားပါတယ်။

ဒါ့အပြင် ကလော့ကျေးရွာမှာလည်း ဒီနေ့ မနက် အစောပိုင်း အချိန်က မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်မြေ ပြိုကျမှုကြောင့် လူနေအိမ် (၄)လုံးခန့်နဲ့ အုပ်ချုပ်ရေးမှူးရုံး (၁)ရုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကလော့မှ မနေ့ကလည်း တောင်ပြိုတယ် ဒီနေ့ မနက်ကလည်း တောင်ပြိုတယ်ပေါ့နော်၊ သူက တောင်အောက်နာမှာ အိမ်တွေ ရှိတော့ အခုလို ထိခိုက်တာပေါ့၊ အခုက အိမ်(၄)လုံးနဲ့ အုပ်ချုပ်ရေးမှူးရုံး (၁)ရုံး ထိသွားတယ်၊ လူတွေတော့ မထိဘူးပေါ့နော်၊ ထိသွားတဲ့ အိမ်တွေက လူတွေကိုတော့ နီးစပ်ရာမှာ ပြောင်းနေနေရတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တောင်မြေပြိုကျပြီး ဒေသခံ ပြည်သူတွေ အနေနဲ့ ထိခိုက် ဒဏ်ရာ ရရှိတာ မရှိသလို ထိခိုက်သွားတဲ့ အိမ်တွေက မိသားစုဝင်တွေကိုတော့ ဘေးလွတ်ရာ ဆွေမျိုးနီးစပ် အိမ်တွေကို ပို့ဆောင်ပေးထားပြီး ဖြစ်တယ်လို့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။

ချောင်းဆုံမြို့နယ်အတွင်းရှိ တချို့ကျေးရွာတွေဟာတောင်ခြေအနီး တည်ရှိတာ ဖြစ်သလို လက်ရှိ မိုးကလည်း အဆက်မပြတ် ရွာသွန်းနေတာကြောင့် တောင်မြေပြိုကျမှုတွေ ထပ်မံ ဖြစ်ပွားနိုင်တဲ့ အတွက် ပြည်သူတွေ အနေနဲ့ သတိထား နေထိုင်ကျဖို့ ပရဟိတ အဖွဲ့တွေက တိုက်တွန်း ထားပါတယ်။

ချောင်းဆုံ မြို့နယ်၊ ကလော့ကျေးရွာ အုပ်စု၊ အပြိုင်းကျေးရွာမှာလည်း မနေ့ ဩဂုတ်လ (၁၆)ရက်နေ့ မနက်ပိုင်း အချိန်ကလည်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်(၆)လုံး ထိခိုက် ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.