မော်လမြိုင်၊ ဩဂုတ် ၁၂

စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေခါးစည်းခံနေရတဲ့ဒုက္ခတွေ ပြေလည်စေဖို့ ကရင်အမျိုးသားတွေနဲ့ လက်တွဲညီညီဖြေရှင်းသွားမယ်လို့ ကတိပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ကျရောက်တဲ့ (၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ကရင်အမျိုးသားတွေရဲ့ အမျိုးသားရေးအရ ခွဲခြားဆက်ဆံမှုမရှိစေဖို့နဲ့ နိုင်ငံရေးအရ တန်းတူအခွင့်အရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ကရင့်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီး ကျဆုံးခဲ့တဲ့ ဩဂုတ်လ(၁၂)ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဒီကနေ့မှာကျရောက်တဲ့ (၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့ကို လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုအပ်တယ်လို့လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ခေတ်အဆက်ဆက်မှာ အမျိုးသားတန်းတူရေးအတွက် ကိုယ်ကျိုးစွန့်ကာ အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ကရင့်အာဇာနည်တွေကို ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုအပ်တယ်လို့ ကရင့်အာဇာနည်နေ့ကို ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာဖော်ပြထားတာဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.