လမိုင်း ၊ သြဂုတ် (၅)

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့က ပရဟိတလူငယ်များအဖွဲ့ အသင်းသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမှုအတွက် အမှန်တရားပေါ်ပေါက်ဖို့ လုပ်ဆောင်သွားမယ်လို့ အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ည ၁၁ နာရီလောက်မှာ လူတစ်ယောက် လမိုင်းမြို့ ရဲစခန်းနားကို ချဉ်းကပ်လာလို့ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး သေဆုံးသွားတဲ့အတွက် ဆေးရုံပို့ပေးဖို့ ရဲစခန်းဘက်က လမိုင်းမြို့ ပရဟိတလူငယ်များအဖွဲ့ကို ဆက်သွယ်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။အခင်းဖြစ်တဲ့ညမှာ သေဆုံးသွားတဲ့ အသင်းဝင် မောင်လင်းအောင်ဟာ ပရဟိတအသင်းရုံးကနေ ည ၁၁ နာရီလောက်မှာ အသင်းသားတွေနဲ့ လူစုခွဲပြီး အိမ်ကိုပြန်တဲ့လမ်း နောင်တော်ကြီးဘုရားနားမှာ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။မြို့ခံတွေပြောကြားချက်အရ အခင်းဖြစ်တဲ့ည နောင်တော်ကြီးဘုရားနားမှာ သေနတ်သံ နှစ်ချက်ကြားရပြီး သွေးကွက်တွေနဲ့ ဖိနပ်တွေ ပြန့်ကျဲနေသလို ကားပေါ်က လူတစ်ယောက်ဆင်းလာပြီး အလောင်းကို ကားပေါ်တင်သွားတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။မောင်လင်းအောင်ရဲ့ နေအိမ်ပြန်လမ်းနဲ့ လမိုင်းရဲစခန်းဟာ တစ်ခြားစီဖြစ်နေပြီး သွေးကွက်တွေစွန်းထင်းနေတဲ့ နောင်တော်ကြီးဘုရားနဲ့ ရဲစခန်းဟာလည်း ခြောက်ဖာလုံလောက် ကွာဝေးတာပါ။လက်ရှိအချိန်ထိ မောင်လင်းအောင် ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး လမိုင်းမြို့ရဲစခန်းဘက်က တစ်စုံတစ်ရာ ဆောင်ရွက်ပေးတာ မရှိသလို တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ ဦးဝင်းအောင်က ဆိုပါတယ်။ဒါကြောင့် မောင်လင်းအောင် ပစ်သတ်ခံရမှု အမှုမှန်ပေါ်ပေါက်ဖို့ မွန်ပြည်နယ်အတွင်းက အဖွဲ့စည်းအားလုံးအပြင် စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်နေတဲ့ မွန်ညီညွတ်ရေးပါတီက နိုင်လယိတမနဲ့ ဒေါက်တာဗညားအောင်မိုးတို့ကိုလည်း ပါဝင်ဆောင်ရွက်ပေးကြဖို့ သူက တောင်းဆိုလိုက်ပါတယ်။“ဖြစ်နိုင်ရင် မွန်ပြည်နယ်မှာ ရှိနေတဲ့ အဖွဲ့အစည်းအသီးသီးအားလုံး မောင်လင်းအောင်ကိစ္စကို အမှန်တရားပေါ်ပေါက်ဖို့ ဝိုင်းပြီး ကူညီပေးစေချင်တယ်။နောက်ပြီး ဖြစ်နိုင်ရင် ကျွန်တော်တို့ စစ်ကောင်စီဘက်မှာ ရှိနေတဲ့ နိုင်လယိတမတို့ကအစ ဒေါက်တာ ဗညားအောင်မိုးတို့ကအစ အားလုံးပါဝင်ပြီး အဖြေမှန်ပေါ်ပေါက်အောင် ပါဝင်သုံးသပ်ပေးကြပါလို့ ပြောလိုပါတယ်”လို့ ဦးဝင်းအောင်က ဆိုပါတယ်။သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတဲ့ အသက် ၂၁ အရွယ် မောင်လင်းအောင်ဟာ နိုင်ငံရေးနဲ့ပတ်သက်တာ မရှိသလို ပရဟိတအလုပ်ကို လုပ်ဆောင်ခဲ့သူဖြစ်တဲ့အပြင် စားဝတ်နေရေးအတွက် လက်သမား၊ပန်းရံအလုပ်လုပ်တဲ့ ခပ်အေးအေး လူငယ်တစ်ယောက် ဖြစ်တယ်လို့ အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုပါတယ်။မောင်လင်းအောင် အကြောင်းမဲ့ သေဆုံးခဲ့မှုအပေါ် စစ်ကောင်စီအနေနဲ့ နယ်ခံပြည်သူတွေ လူငယ်တွေကို လက်နက်နဲ့ ခြိမ်းခြောက်အုပ်ချုပ်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတစ်ဝန်းက ပြည်သူတွေအပေါ် စစ်ကောင်စီက ကျုးလွန်နေတဲ့ စစ်ရာဇဝတ်မှုထဲက တစ်ခုဖြစ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ပါတယ်။မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တောင်ပိုင်းကလည်း စစ်ကောင်စီတပ်တွေက လူငယ်တွေအပေါ် ရန်သူလို သဘောထားပြီး အပြစ်မဲ့လူငယ်တွေကို အကြောင်းမဲ့သတ်ဖြတ်နေတယ်လို့ ဆိုထားပါတယ်။ဒါကြောင့် စစ်အာဏာရှင်စနစ် တည်ရှိနေသရွှေ့ မွန်လူငယ်တွေ၊ မွန်ပြည်သူတွေအနေနဲ့ လုံခြုံမှု ရှိမှာ မဟုတ်တဲ့အတွက် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ကြဖို့ တိုက်တွန်းထားပြီး မွန်လူငယ်နဲ့ မွန်လူထုအပေါ် မတရားသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ၄င်းတို့က ပြတ်ပြတ်သားသား တိုက်ခိုက်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.