မော်လမြိုင် ၊ သြဂုတ် (၅)

အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော် အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ ရပ်ရွာအေးချမ်း သာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက်ဆိုကာ ပုဒ်မ ၁၄၄ ကို တစ်လပြီး တစ်လ သက်တမ်း ထပ်တိုးလာတာ ဖြစ်ပါတယ်။စစ်ကောင်စီရဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်မှုထဲမှာတော့ ညမထွက်အမိန့် ကန့်သတ်ချက်ဟာ ပြည်သူအတွက် နေ့တဓူဝ သွားလာ လုပ်ကိုင် စားသောက်ရေးအပေါ် အကြီးအကျယ် ဒုက္ခကြုံနေရသလို အသက်အန္တရာယ်အတွက်ပင် စိုးရိမ်လာရတာပါ။စစ်ကောင်စီဟာ ညမထွက်ရအမိန့်ကို တချို့ မြို့နယ်တွေမှာဆိုရင် ည(၈)နာရီကနေ မနက် (၄)နာရီ၊ ည(၁၀)နာရီကနေ မနက်(၄)နာရီနဲ့ ည(၁၂)နာရီကနေ မနက် (၄)နာရီ ဆိုပြီး သတ်မှတ်ထားတာပါ။အာဏာသိမ်းစစ်ကောင်စီက ညမထွက်ရအမိန့်ကို လုံခြုံရေး အကြောင်းပြပြီး ကာလရှည်ကြာစွာ သက်တမ်းတိုးလာတာဟာ အခုဆိုရင် တစ်နှစ်ကျော်ကြာမြင့်လာပြီး ဖြစ်ပါတယ်။စစ်ကောင်စီရဲ့ ညမထွက်ရ အမိန့်တွေကြောင့် ဒေသခံတွေ အနေနဲ့ သွားလာရာမှာ အခက်အခဲ ရှိသလို မထင်ရင် မထင်သလို ပစ်ခတ်ဖမ်းဆီးတာမျိုးတွေ ရှိတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်နေရတယ်လို့ အရောင်းအဝယ် ပြုလုပ်နေသူ တစ်ဦးက ပြောပါတယ်။“ဒေသခံတွေက ညမထွက်ရ အမိန့် ထုတ်ထားတဲ့ အချိန်မှာ သူတို့ ပြန်လာလို့ တစ်ခါတလေ ကျလို့ရှိရင် အခက်အခဲ ရှိတာပေါ့နော်၊ အချိန်တွေ ကြားမှာ လင့်လို့ နောက်ကျသွားတဲ့ အခါမျိုးဆိုရင် သူတို့အတွက် အသက် အန္တရာယ်ထိ စိုးရိမ်ရတဲ့ အခြေအနေ ရှိသလို တစ်ခါတလေ ကျလို့ရှိရင်လည်း မထင်ရင် မထင်သလို ဖမ်းဆီးတာမျိုးတွေ သူတို့ ကြုံရတဲ့ အတွက် လူတွေက စိုးရိမ်တာပေါ့၊ သူတို့တွေ အသက် အန္တရာယ် စိုးရိမ် ရတဲ့ အထိကို ဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။ စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် တချို့ မြို့နယ်တွေမှာ လူနာတင်ယာဉ်တွေက အစ ဖြတ်သန်းသွားခွင့်မရသလို အကြောင်း အမျိုးမျိုး ပြပြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။ဒေသခံ တစ်ဦးကတော့ စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်ကြောင့် ခရီးသွားလာတာကအစ ဒုက္ခကြုံနေရတယ်လို့ ပြောပါတယ်။“အခက်အခဲတော့ ညဘက်ဆို အစောကြီး (၈)နာရီဆိုတော့ ထွက်ချင်သလို ထွက်လို့ မရဘူးပေါ့၊ လူနာတင်ယာဉ်တွေ တောင်မှ ပေးမဖြတ်ဘူးပေါ့၊ သူတို့ဂိတ်ကို ပေးမဖြတ်ဘူး၊ ပြန်လှည့် သူတို့ ပြောတယ် အဲ့လို၊ ခရီးသွားရ ခက်ခဲတာပေါ့၊ လမ်းမှာ ခရီးလွန်လို့ ရှိရင် လမ်းမှာ အိပ်ရတာပေါ့၊ ဟိုတစ်နေ့က လမိုင်းမှာ သေသွားတဲ့ ကောင်လေး သူကကြတော့ စခန်းနား ကပ်လို့ ပစ်သတ်တယ်လို့လည်း သူတို့ဘက်က သတင်း ထုတ်ပြန် တာပေါ့”လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ညမထွက်ရ အမိန့် သတ်မှတ်ထားတဲ့ အချိန် မရောက်ခင် တွေမှာလည်း ကား၊ ဆိုင်ကယ်တွေကို ပိတ်ဆို့ ရှာဖွေတာတွေ လုပ်ဆောင်သလို မထင်ရင် မထင်သလို လူငယ်တွေကိုလည်း ဖမ်းဆီး တာတွေ ရှိနေတာပါ။ညမထွက်ရ အမိန့် ကန့်သတ်ချက်တွေကြောင့် ကယ်ဆယ်ရေးတွေ ဆောင်ရွက်ရာမှာလည်း အခက်ကြုံနေရသလို စစ်ကောင်စီကို သတင်းမပို့ရင် အရေးပေါ်လူနာတောင် သွားလာခွင့် မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“အခက်အခဲတော့ ရှိတာပေါ့၊ လူနာ ပို့တာရော ဘာရောပေါ့နော်၊ အခုကလေး လမ်းမှာ အရမ်းစစ်တယ်၊ AMBULANCEကား သွားရင်လေ အဲ့လိုပေါ့ စစ်ဆေးတာ ကြမ်းတာပေါ့နော်၊ တခြားကားက မစစ်ကြဘူး၊ AMBULANCEကတော့ တော်တော် စစ်တယ်၊ အသွားရော အလာရော သတင်းပေး ရတာပေါ့နော်၊ အဲ့လိုတော့ အခက်အခဲ ရှိတာပေါ့၊ အရေးပေါ် သွားပို့ရင် ရွာက အုပ်ချုပ်ရေးမှူးကို သတင်းပို့ရတယ်၊ အုပ်ချုပ်ရေးမှူးက တဆင့် မြို့နယ် အုပ်ချုပ်ရေးမှူးကို သတင်းပို့တယ်၊ မြို့နယ်က တဆင့် ရဲကင်းကိုပေါ့နော် တံတားထိပ်က ရဲကို သတင်းပြန်ပို့ရတယ်၊ အဲ့တံတားကနေ ပြန်ဖြတ်ခွင့်ပေးမှ AMBULANCEကား သွားလာရတာ၊ သူတို့ ပေးမဖြတ်ရင် မသွားရဘူးပေါ့နော်၊ ဘယ်လောက်ပဲ အရေးပေါ် လူနာ ဖြစ်နေပါစေ မသွားရဘူးပေါ့ အဲ့လို သဘောပေါ့”လို့ ဆိုပါတယ်။စစ်ကောင်စီက မြို့နယ် လိုက် ညမထွက်ရအမိန့်တွေ သက်တမ်းထပ်တိုး လာတာကြောင့် ဒေသခံ ပြည်သူတွေ အနေနဲ့ လွတ်လပ်စွာ သွားလာလို့ မရတော့တဲ့ အတွက် ခရီးသွားလာရာမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေရသလို နံနက်ခင်း ရောင်းချတဲ့ ဈေးသည်တွေအတွက်လည်း အခက်အခဲတွေ ဖြစ်ပေါ်နေရပါတယ်။နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ ညမထွက်ရအမိန့် သက်တမ်းထပ်တိုးမှုဟာ သူတို့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးအတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.