ရန်ကုန် – ဩဂုတ်(၄)

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန်မြို့နယ် အောင်ဆန်းအားကစားကွင်းမှာ ဖွင့်လှစ်ထားတဲ့ အဝေးပြေး ယာဉ်လိုင်းဂိတ်ခွဲတွေကို ပိတ်ပင်လိုက်ပြီး လူမဲ့တန်ဆာပို့ဆောင်ခွင့်ကို စစ်ကောင်စီက ဒီနေ့ ဩဂုတ်လ(၄) ရက်နေ့မှာ စတင်ပိတ်ပင်လိုက်ပါတယ်။

အဲ့ဒီဂိတ်ခွဲတွေမှာ ကားလက်မှတ်ရောင်းချတာကို ဆက်လက်ခွင့်ပြုထားမှာဖြစ်ပေမယ့် ပါဆယ်ပို့ ချိန်တွေမှာ အောင်မင်္ဂလာအဝေးပြေးကားကွင်းကို သွားရောက်ပို့ဆောင်ရမှာပါ။

‘’ စစ်အုပ်စုက တော်လှန်ရေးအတွက် စောက်ကျင့်ယုတ်တာပါပဲ ။ရောင်းဝယ် စားသောက်နေကြရတဲ့ အခြေခံလူထုအတွက် ခက်ခဲမယ့်အပြင်စားရိတ်တွေ ပိုလို့စျေးကြီးဝယ်တဲ့ပစ္စည်းထက် ပို့ခတွေ စျေးတက် ခက်ခဲလာကြမယ်။‘’လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။

စစ်ကောင်စီက ဒီလိုအမိန့်တွေထုတ်ပြန်လာတာဟာ ခရီးသွားပြည်သူတွေ ၊ အွန်လိုင်းရှောပင် လုပ်ဆောင်နေသူတွေနဲ့ အဝေးပြေးကားတွေကို အသုံးပြုပြီး ကုန်ရောင်းဝယ်လုပ်နေတဲ့သူတွေ အတွက် အခက်အခဲဖြစ်ပြီး ရေရှည်မှာ ထိခိုက်စေနိုင်တယ်လို့ ကားဂိတ်ပိုင်ရှင်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

‘’ဒီလိုအချိန်မှာ မတတ်သာလို့သာ ခရီးသွားကြတာမို့ ကားဂိတ်တွေဘက်ကလည်း ခရီးသွားရရှိမှုလျော့နည်းလာပြီ။အထုပ်(ပါဆယ်)အတင်အချကိုပဲ အားပြုပြီး မှေးပြီးဆက်လုပ်နေရတာ။ ဒါဟာ တစ်ဥိိီးတည်းလက်ဝါးကြီးအုပ်ဖို့ လုပ်လာ တာလို့မြင်တယ်။ဆက်တောင့်ခံနိုင်တဲ့လူပဲကျန်ပြီး မတောင့်ခံနိုင်တဲ့လူတွေက ထွက်သွားမယ်။တောင့်ခံနိုင်တဲ့လူတွေက ဘယ်လိုအသိုင်းအဝန်းက လူတွေဖြစ်မလဲ စဥ်းစားကြည့်လေ’’လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဓာတ်ဆီစျေးတွေအဆမတန်မြင့်တက်လာတာနဲ့ လိုင်းကားတွေ ပြေးဆွဲတာ အချိန်မမှန်တာတွေကြောင့် အောင်မင်္ဂလာအဝေးပြေးကို ဆူလေက အသွားအပြန် အငှားယာဉ်အသုံးပြုရင် (၄) သောင်းနီးပါးလောက်ကုန်ကျမှာဖြစ်လို့ ပြည်သူတွေက ဝေဖန်နေကြပါ တယ်။

အောင်ဆန်းကွင်းက ကားဂိတ်ခွဲတွေဟာ ရန်ကုန်မြို့တွင်းနဲ့အနီးနားက မြို့နယ်တွေက ကုန်ပစ္စည်း တွေကိုအောင်မင်္ဂလာအဝေးပြေးကာကွင်းကို ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.