ကံပေါက် ၊ သြဂုတ် (၂)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဖွားရှင်မတောင်အနီးမှာ သြဂုတ် ၁ ရက်နေ့ မနက်ပိုင်းက ထိုင်း PTTEP ကုမ္ပဏီရဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ထိုင်း PTTEP ကုမ္ပဏီရဲ့ ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို အမည်မသိ အဖွဲ့တစ်ခုက လာရောက် မိုင်းထောင် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရတာကြောင့် ပိုက်လိုင်းပေါက်ကွဲပျက်စီးခဲ့ပြီး သဘာဝဓါတ်ငွေ့တွေ ယို့စိမ်မှု ဖြစ်ပေါ်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ဒေသခံတွေ အဆိုအရ အဲဒီ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဟာ စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေး ယူထားတဲ့ကြားက ဖောက်ခွဲခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။သဘာဝဓါတ်ငွေ့ပိုက်လိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ကုမ္ပဏီဝန်ထမ်းတွေ သွားရောက်စစ်ဆေးပြီးနောက် ပြုပြင်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ထိုင်း PTTEP ကုမ္ပဏီဟာ ကမ်းလွန်ဇောတိက ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ကွက်ကနေ တနင်္သာရီတိုင်းကို ဖြတ်ကာ ကုန်တွင်းပိုက်လိုင်းတွေကနေတဆင့် ထိုင်းနိုင်ငံထဲကို သဘာဝဓါတ်ငွေ့တွေ ပို့ဆောင်နေတာဖြစ်ပါတယ်။ထိုင်း PTTEP ကုမ္ပဏီဟာ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းတွေမှာ မြန်မာနိုင်ငံလျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ အကျိုးတူပူးပေါင်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ထိုင်း PTTEP ကုမ္ပဏီရဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို ဘယ်အဖွဲ့အစည်းက ဖောက်ခွဲဖျက်ဆီးခဲ့လဲဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.