ရေဖြူ ၊ ဇူလိုင် (၃၁)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့နယ်၊ ဧကနိကျေးရွာနဲ့ခမောက်ချောင်းကျေးရွာကို ဇူလိုင်လ ၃၀ ရက်နေ့ မနက်အစောပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဒီကနေ့ မနက်ပိုင်း ၄ နာရီခန့်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်ဟာ ဧကနိနဲ့ခမောက်ချောင်း ကျေးရွာတွေအတွင်းကို အကြမ်းဖက် ဝင်ရောက်လာပြီး ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ဒါ့အပြင် ဒေသခံ (၁၀)ဦးကျော်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး နေအိမ်တွေကို မွှေနှောက်ကာ တန်ဖိုးရှိပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလို အကြမ်းဖက်ပြီး ဝင်ရောက်လာတာကြောင့် ဧကနိ၊ ခမောက်ချောင်းနဲ့အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ရေဖြူ မြို့နယ်၊ နှမ်းကြဲရွာအနီးမှာ စစ်ကောင်စီကား ၅ စီး။ ယာဉ်တန်းကို ရေဖြူ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အခုလို စစ်ကြောင်းထိုးလာလည်း ဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဥ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင်အချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.