မူဆယ် ၊ ဇူလိုင်(၃၁)

စစ်ကောင်စီက လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ပဲ၊ပြောင်းနဲ့ ဆီထွက်သီးနှံတွေတင်ပို့ရင် ဒေါ်လာနဲ့ ရောင်းချဖို့ ကန့်သတ်ချက်တွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ရပ်တန့်သလောက် ဖြစ်နေတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ နယ်စပ်ကုန်သယ်ရေးဇုန်တွေကနေ တဆင့် ပြည်ပတင်ပို့မယ့် လယ်ယာထွက်ကုန်တွေကို ဇူလိုင်လ (၁) ရက်နေ့ကစပြီး ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ်ရောင်းချခိုင်းတာအပြင် ပြည်ပတင်ပို့ပြီးရင် လည်း ပို့ကုန်ရငွေဘဏ်စလစ် ပြနိုင်မှ နောက်တစ်ကြိမ်တင်ပို့ခွင့်ပြုမယ်လို့ ညွှန်ကြားထားတာပါ။ စစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေကြောင့် နယ်စပ်ကုန်သွယ်ရေး မရှိသလောက်နည်းပါးလာပြီး ကားအစီးရေ(၁၀)စီးလောက်သာ ဝင်ထွက်နေတာရှိတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။ “နယ်စပ်ကုန်သွယ်ရေးမှာက ကုန်သွယ်မှုတွေ နည်းသွားတယ်၊ သိပ်မရှိတော့ဘူး။ နယ်စပ်ကုန်သွယ်ရေးက တော်တော်အေးသွားပြီ။ခါတိုင်း ကိုဗစ်ကာလကုန်သွယ်ရေးမှာ သိပ်မရှိဘူး။ ဒါပေမယ့် ခါတိုင်းမှာ အဝင်အထွက် အစီး ၄၀ လောက်ရှိတယ်။အခုဆိုရင် အဝင်အထွက်က မရှိသလောက်ကို ဖြစ်သွားတယ်။အစီးရေ ၁၀ ကျော် ၂၀ အဲဒီလောက်ပဲ အများဆုံးရှိတာ အစီးရေ ၁၀ ပဲပေါ့။အဲဒီလောက် အနေအထားတွေပဲ ရှိတယ်”လို့ သူက ဆိုပါတယ်။ယခင်က လယ်ယာထွက်ကုန်တွေကို တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ တင်ပို့ရင် ယွမ်ငွေကိုသာ အသုံးပြုခဲ့သလို ထိုင်းနယ်စပ်ကနေတင်ပို့ရင်လည်း ဘတ်ငွေကိုသာ အဓိကထားအသုံးပြုခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ လယ်ယာထွက်ကုန်တွေကို ဒေါ်လာနဲ့ရောင်းချဖို့သတ်မှတ် လိုက်ပြီး ဗဟိုဘဏ်က သတ်မှတ်ထားပါတယ်။ဒေါ်လာဈေးနှုန်းကိုလည်း တစ်ဒေါ်လာ (၁၈၅၀) ကျပ်နဲ့သာ လဲလှည်ရမယ်လို့ ညွှန် ကြားထားတဲ့အတွက် ဒေါ်လာပြင်ပ ပေါက်စျေးနဲ့ ငွေကြေးကွာဟနေလို့ လုပ်ငန်းရှင်တွေ ဆုံးရှုံးနစ်နာမှုတွေရှိနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ “ဒီကိုဗစ်ကာလကုန်သွယ်မှုမှာ အရှုံးရှိတယ်၊အရှုံးနဲ့ကို ရင်ဆိုင်နေရတယ်။ အခုလောလောဆယ် ကျတော့ ပိုပြီး ရပ်တန့်သွားတဲ့ ပဲ၊ပြောင်း၊နှမ်းပေါ့။ ဆီထွက်သီးနှံတွေ အဲဒါတွေကျတော့ ရပ်နေသလို ဖြစ်သွားတာပေါ့။ အဓိက တောင်သူတွေ လုပ်ငန်းရှင်ကုမ္ပဏီတွေ နည်းနည်း ဆုံးရှုံးနစ်နာတဲ့ အပိုင်းတွေတော့ ရှိတာပေါ့”လို့ ကုန်သည်တစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။ဒါ့အပြင် စစ်ကောင်စီဟာ ပဲ၊ပြောင်း၊နှမ်း၊မြေပဲနဲ့ ဆီထွက်သီးနှံတွေကို ဇူလိုင်လ(၁၄) ရက်နေ့က စပြီး နယ်စပ်ကနေ တင်ပို့မယ်ဆိုရင် ကြိုတင်ငွေလွှဲစနစ်(TT) အထောက်အထားနဲ့ ပို့ကုန်လိုင်စင် ပူးတွဲလျှောက်ထားမှသာ တင်ပို့ခွင့်ပြုမယ်လို့ ညွှန်ကြားထားတာပါ။ မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေကို ထိုင်နဲ့တရုတ်နိုင်ငံတွေကို နယ်စပ်ကုန်သွယ်ရေးဇုန်တွေ ကနေ အများဆုံးတင်ပို့ရောင်းချနေတာဖြစ်ပြီး ထိုင်းနဲ့ တရုတ်နိုင်ငံကတော့ အခြေခံစားသောက် ကုန်၊ဆေးဝါး၊အလှကုန်၊လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကို အဓိက တင်သွင်း နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.