ကျိုက်ထို၊ ဇူလိုင် (၃၁)

ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၅၀၀၀ ကျော်ဟာ နေရပ်မပြန်နိုင် သေးဘူးလို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက ပြောပါတယ်။ဇူလိုင်လ ၁၀ ရက်နေ့က စတင်ပြီး စစ်ကောင်စီဘက်က ဝင်းကံကျေးနယ်နဲ့ ဇီးပြောင်းကျေးရွာ အုပ်စုတွေဘက်ကို လက်နက်ကြီးနဲ့အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံ ၆၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေသေးတာကြောင့် ဒေသခံတွေမှာ လုံခြုံရေးအရစိုးရိမ်နေရလို့ နေရပ်မပြန်နိုင်ဘူးလို့ဆိုပါတယ်။စစ်ရှောင်တွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာ ၊ ဆေးဝါးလိုအပ်မှုတွေ ရှိနေပြီး စစ်ရှောင်တွေထဲမှာ ဖျားနာသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ဖျားနာသူတွေကိုတော့ KNU ရဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကုသပေးနေတယ်လို့ ဆိုပါတယ်။သထုံခရိုင်အတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မကြာခနဆိုသလို တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.