ရန်ကုန် – ဇူလိုင်(၃၀)
ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်ခန်းမအနောက်မှာရှိတဲ့လမ်းသွယ်ထဲမှာ ဒီနေ့ ဇူလိုင်လ(၃၀) ရက်နေ့ နေ့လည်(၁၁) နာရီလောက်က ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား(၂) ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီဗုံးဟာ စည်ပင်ရုံးဝင်ပေါက်အနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်သား တွေရဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရေသးပါဘူး။ “ပေါက်ကွဲသံကတော်တော်ကျယ်တယ်။ ထလဲပေါက်ရော အဲ့ကစောင့်နေတဲ့ကောင်တွေထွက်ပြေး တာပဲ။လူနာတင်ယာဥ်တွေ့တယ်။ နှစ်ကောင်ထိတယ်ပြောတာပဲ သေချာတော့မသိရသေးဘူး။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပိုင်းမှာ စစ်ကောင်စီတပ်တွေက လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာ တွေလုပ်ဆောင်နေသလို အင်အားအများအပြားနဲ့ ကင်းလှည့်တာတွေလည်းလုပ်ဆောင်နေပါ တယ်။ ရန်ကုန်မြို့တော်ခန်းမနားမှာ ဗုံးပေါက်ကွဲခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဟာ အနီးအနားက လူငယ်(၂) ဦးကိုဖမ်းဆီးထားပြီး ကားပေါ်မှာ သေနတ်ဒင်တွေနဲ့ ရိုက်နှက်နေသလို ဖုန်းတွေကို စစ်ဆေးနေတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီက ဒီမိုကရေးစီအရေးလှုပ်ရှားသူတွေကို သေဒဏ်စီရင်ပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ စစ်ဆင်ရေးတွေတိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြို့ပြပျောက်ကြားတပ်ဖွဲ့တွေက ကြေညာထား ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ