မော်လမြိုင် ၊ ဇူလိုင် (၃၀)
မွန်ပြည်နယ်မှာ နိုင်ငံခြားကနေ တင်သွင်းနေရတဲ့ ဆေးဝါးတွေ ပြတ်လပ်လာပြီးနောက် ဆေးဈေးနှုန်း ၄၀ ရာခိုင်နှုန်း နီးပါး ထပ်မံမြင့်တက်လာတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဆေးဈေးနှုန်းဟာ စစ်ကောင်စီက ဒေါ်လာငွေ ထိန်းချုပ်ထားတာ၊ သွင်းကုန်လိုင်စင် အခက်အခဲတွေကြောင့် ဈေးနှုန်း ဆက်လက် မြင့်တက်လာတာ ဖြစ်ပြီး ဈေးကွက်အတွင်းမှာ ဆေးဝါးတချို့ ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ဆေးဝါးပြတ်လပ်လာတာကြောင့် ဈေးကွက်မှာ ပစ္စည်းအမျိုးအစားအပေါ် မူတည်ပြီး ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ဆေးဆိုင်လုပ်ငန်းရှင် တစ်ဦးကတော့ ဆေးဈေးနှုန်းဟာ စစ်ကောင်စီရဲ့ သွင်းကုန်လိုင်စင် ကန့်သတ်ချက်တွေအပြင် ဒေါ်လာကို ထိန်းချုပ်ထားတာကြောင့် ဆေးဝါးပြတ်လပ်ပြီး ဈေးနှုန်း ဆက်လက် မြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။“ဒေါ်လာ ကျွန်တော်တို့ အခု ဒေါ်လာတွေကို ပြန်သိမ်းလိုက်တဲ့ အချက်မရှိခင်ထဲကနေ အဲ့ဒီရှေ့ (၂)လ (၃)လလောက်မှာ သွင်းကုန်က ခက်ခဲနေတာပေါ့နော်၊ သွင်းကုန်တွေက ဆေးဝါးသွင်းကုန်တွေက သွင်းရတာ အဆင်မပြေမှုတွေ အများကြီးရှိတယ်၊ ဒါပေမယ့် အဲ့ဒီတုန်းက ကျတော့ နည်းနည်းတော့ အဆင်ပြေ အောင်တော့ ရအောင် လုပ်ကြည့်သေးတာပေါ့၊ အဲ့မှာတင် ဆေးဝါး ပြတ်လပ်မှုတွေ ရှိနေသေးတယ်၊ အဲ့ဒီ အချိန် တုန်းက ပေါ့နော်၊ ပြတ်ပြီးသား ဆေးကတော့ ပြန်ဝင်ဖို့ မလွယ်ဘူးပေါ့ အဲ့ဒီတုန်းကဆို၊ အခုကျတော့ ပိုဆိုးသွားတယ်၊ ပြတ်ပြီးသား ဆေးက ပြန်မဝင်တဲ့ အပြင် ထက်ပြီးတော့ ဒေါ်လာကလည်း အဲ့လို အခြေအနေကြောင့်မှ ဆေးတွေကလည်း ဈေးတွေတက်တယ်၊ အသစ်ပြန်လည် သွင်းကုန်လည်း ပြန်မသွင်းနိုင်ဘူး ဖြစ်သွားတယ်၊ အရင်ဈေးထက် စာရင် (၃၀)မှ (၄၀)လောက် ကုမ္ပဏီတွေက အဲ့လောက်တော့ ရှိလာတယ်”လို့ ဆိုပါတယ်။ဆေးဝါးပြတ်လပ်မှုတွေ ရှိလာတာကြောင့် ကုမ္ပဏီတချို့ အရောင်းပိတ်လာကြသလို လက်ကျန်ရှိတဲ့ ကုမ္ပဏီတွေကလည်း ခွဲတမ်းနဲ့သာ ရောင်းချနေတာပါ။ဒါကြောင့် စစ်ကောင်စီအနေနဲ့ သွင်းကုန်လိုင်စင် အခက်အခဲကို အမြန်ဆုံး ဖြေရှင်ပေးနိုင်တာ မရှိရင် ဆေးဝါးပြတ်လပ်မှုကို အကြီးအကျယ် ရင်ဆိုင်လာရနိုင်တယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။ပြည်နယ်အတွင်းမှာတော့ ဆေးဝါးပြတ်လပ်မှာကို စိုးရိမ်ပြီး ဝယ်ယူစုဆောင်းတာတွေ များလာလို့ ဆီးချို၊သွေးတိုးနဲ့ နှလုံးရောဂါအတွက် ဆေးဝါးတွေဆိုရင် လုံးဝနီးပါး ပြတ်လပ်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။မြန်မာနိုင်ငံဟာ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကနေ အဓိက တင်သွင်းနေတာ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ကန့်သတ်ချက်တွေကြောင့် ဆေးဝါးတင်းသွင်းဖို့ အခက်ကြုံနေရတာပါ။
သတင်း – သံလွင်တိုင်းမ်